ခမ်းသားငေါဝ်း
မေ ၂၁ ၊ ၂၀၂၄

နေအိမ်ပြန်စဉ် လက်နက်ကိုင်အဖွဲနှင့်တိုး၍ရိုက်နက်စစ်ဆေးခံခဲ့ရသည့်ဆီဆိုင်မြို့ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ဆေးကုသရန် အခက်ခဲရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နေ ဒေသခံအမျိုးသမီးတစ်ဦးသည် မတ်လအတွင်းက အိမ်ပြန်လာစဉ် PNO ပြည်သူ့စစ်နှင့် ကရင်နီ တော်လှန်ရေးအဖွဲ့များတို့နှင့်တွေ့ဆုံခဲ့၍ နှစ်ဖက်လက်နက်ကိုင်အဖွဲ၏ ရိုက်နှက်ခြင်းခံရပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အိမ်ပြန်လာတာ PNO နဲ့တွေ့တယ် PNO က စစ်ဆေး ပြီးရိုက်တယ်။ PNO က လွှတ်ပြီးထွက်ပြေးတော့ ကရင်နီက PDF အဖွဲ့တွေနဲ့တွေ့တယ် ။သူတို့က ထပ်ရိုက်တယ်။ ဒဏ်ရာ အပြင်းအထန်ရတယ်။ မျက်စိတစ်ဖက်တောင် ခု မမြင်ရတော့ဘူး။ ခါးလည်း နာနေတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယင်းအမျိုးသမီး ရရှိထားသည့် အပြင်ဒဏ်ရာသည် သက်သာလာသော်လည်း မျက်စိနှင့် ခါး ဒဏ်ရာသည် ယခုထိ မပျောက်သေးဘဲ ဆေးကုသရန် အခက်ခဲရှိနေကြောင်း သိရသည်။

“သူက တုတ်တွေနဲ့အရိုက်ခံရတာ ။ ခါးကအရိုး ခုထိ နာနေတော့ သူဓာတ်မှန်ရိုက်ချင်တာ ပိုက်ဆံမရှိတော့ မရိုက်ရဘူး အကူအညီလိုအပ်နေတယ်”ဟု ၄င်းကဆက်ပြောသည်။

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားသည့် ၄ လနီးပါးအတွင်းတွင် အိမ်ပြန်ကြည့်ခြင်းနှင့် ရိက္ခာ ပြန်ယူခြင်းတို့ကြောင့် ပျောက်ဆုံးနေသည့် အရပ်သား ၆၀ ဦးထက်မနည်း ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။

PPV005