ခမ်းသားငေါဝ်း
မေလ ၁၇၊ ၂၀၂၄

ဆီဆိုင်မြို့တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်မိရာမှပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊သိရိရပ်ကွက် ၊နယ်မြေ ၆ တွင် မေလ ၁၆ ရက်နေ့က မပေါက်ကွဲသေးသည့် ဗုံး ကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီးထိခိုက်ဒဏ်ရာရကြသည်။

“ကလေးက ဒဏ်ရာပြင်းထန်တယ်။နောက်နှစ်ဦးတော့ ဒဏ်ရာမပြင်းဘူး။ခုက တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေတယ်”ဟု မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဒဏ်ရာရရှိသော ကလေးသည် အသက် ၁၃ နှစ်အရွယ် ခွန်ရန်ပိုင်စိုးဖြစ်ပြီး ညာဖက်လက်သုံးချောင်းပြတ်ထွက်ဒါဏ်ရာနှင့် ဘယ်လက်ချောင်းထိပ်ဖြားပြတ်၊ ခြေထောက် ဗုံးစထိမှန်ခြင်းနှင့် အမေဖြစ်သူ ဒေါ်အေးချိုသည် နာရွက် ဗုံးစထိမှန် ၊ဦးလေးဖြစ်သူ သည် နဖူးဗုံးစထိမှန်ပြီး ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းသိရသည်။

ဆီဆိုင်မြို့တွင် မပေါက်ကွဲသေးသည့်ဗုံး၊လက်နက် ကြီးကျည်၊မြေမြှုပ်မိုင်းများသည် ရပ်ကွက်အသီး သီးတွင် များစွာ ရှိနေဆဲဖြစ်သောကြောင့် မြို့ထဲကိုပြန်ဝင်ကြသူများအထူးသတိထားကြရန်လိုအပ်ကြောင့်လည်း ၄င်းကဆက်ပြောသည်။

“အထူးသဖြင့်ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေနေဖို့မသင့်သေးတဲ့အချိန်လို့ယူဆပါတယ်။အောင်ချမ်းသာရပ်ကွက်နယ်မြေ ၆ ထဲမှာလဲဒီလိုမပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေနေရာအနှံ့မှာရှိနေပါတယ်”ဟု ၄င်းကဆက်ပြောသည်။

ဆီဆိုင်မြို့နယ်တွင်မပေါက်ကွဲသေးသည့် လက်နက် ကြီးနှင့် မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁ ဦးရှိပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *