ခမ်းသားငေါဝ်း
မေလ ၁၈၊ ၂၀၂၄
စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်က ဆီဆိုင်မြို့ ပဲပုတ်ဘုရားဝင်းအတွင်း လက်နက်ကြီးအထိုင် နှစ်ခုချပြီး မေလ ၁၇ ရက်ညတွင် ပစ်ခတ်နေကြောင်း ဒေသခံပြောပြချက်အရသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲငြိမ်ပြီ နေရပ်ပြန်လို့ရပြီဟု PNO ပြည်သူ့စစ်က ဒေသခံကို ပြောသော်လည်း ခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ဒေသခံများထပ်မံတိမ်းရှောင် ခဲ့ရကြောင်းသိရသည်။
‘’ကျနော်တို့အိမ်ပြန်လာတာ ၁၅ ရက်ပဲရှိသေးတယ်၊ အခုအောင်ချမ်းသာရပ်ကွက် နယ်မြေ(၇) ဘုရားဝင်းမှာ လွယ်ထွယ်ဘက်ကို ထောင်ထားတာတစ်ခု၊ နောင်ရင်းရွာဘက်ကို ထောင်ထားတာတစ်ခု နှစ်ခုရှိတယ် ခုပစ်နေတယ်၊ ကျွန်တော် တို့ထပ်ပြေးရပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေရပ်ပြန်သည့် ပြည်သူများ ကြောက်လန့်၍ ထပ်မံတိမ်းရှောင် ခဲ့ရကြောင်းသိရသည်။
နေရပ်ပြန်ပြည်သူများသည် ရပ်ကွက်တွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့က ရှိနေသဖြင့် ညပိုင်း မီးထွန်းပြီး မအိပ်ရဲကြကြောင်း သိရသည်။
ဆီဆိုင်မြို့တွင် သင်္ကြန်ကာလပြီးနောက် တိုက်ပွဲငြိမ်နေပြီ၊ နေရပ်ပြန်၍ရပြီဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က ပြောဆိုခြင်းကြောင့် နေရပ်ပြန်ကြသူများရှိသည်။
လက်ရှိချိန်ထိ ရေ၊လျှပ်စစ်မီးများ မရရှိသေးသလို၊ မှိုင်းရှင်းလင်းရေးများ သေသေချာချာ မလုပ်ဆောင်ပေး သည့်အတွက် စစ်ကျန်ပစ္စည်းများကို ထိမိ၍ ပေါက်ကွဲပြီး ဒဏ်ရာရရှိသူများသလို၊ သေဆုံးသူလည်း ရှိနေ ကြောင်းသိရသည်။
#ppv002