ခမ်းသားငေါဝ်း
မေ ၁၆၊ ၂၀၂၄

နောင်ဗိုကန်တော်လေး ရွာသူကြီးကို PNO ပြည်သူ့ စစ်က ဖမ်းဆီးသွားပြီး ၁၀ ရက်ကျော်ကြာသည့်အထိ အဆက်သွယ်မရသေးသဖြင့် မိသားစုများ စိုးရိမ်နေကြကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ယနေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊နောင်ကျောကျေးရွာအုပ်စု နောင်ဗ်ိုကန်တော်လေးရွာ ရွာသူကြီးဖြားခွန်လျောကို မေလ၂ ရက်နေ့တွင် ကားတစ်စီးနှင့်လူပါ ဖမ်းသွားခဲ့ပြီး ယနေ့ထိ သတင်းအစအန မရဘဲ မိသားစုဝင်များက စိုးရိမ်နေကြကြောင်းသိရသည်။

“သူတို့ဘယ်မှာဖမ်းသွားတယ်ဆိုတာ မသိရဘူး။ရှင်သေးလား သေပြီလားဆိုတာ မသိရဘူး။ယနေ့ထိပြန်လွှတ်လာတာမရှိဘူး။ ကားကော လူကော ပြန်ရောက်လာတာမရှိဘူး”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLAမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် နောင်ရင်းရွာသူကြီး ခွန်ဇာခွန်နှင့် ခွန်ပလွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရွာသူကြီးပိုင်ဆိုင်သည့် ကား ၁ စီးကိုပါ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *