ခမ်းသားငေါဝ်း
မေ ၁၆ ၊ ၂၀၂၄

တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ တိုင်းရင်းသားများ၏ဂီတအနုပညာလက္ခဏာများ မှတ်တမ်းစာအုပ်ပြုလုပ်ရာတွင် ပအိုဝ်းတိုင်းရင်း သား၏ ဂီတအနုပညာလက္ခဏာများပါဝင်နိုင်ရန် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှု(ဗဟို)အဖွဲ့ကမေလ(၁၅) ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားများ၏ ခေတ်ဟောင်းတေးသီချင်း၊ ဂီတသံစဥ်၊ ရိုးရာအကနှင့် ရိုးရာတူရိယာပစ္စည်းများနှင့် စပ်လျဥ်း၍ ကဏ္ဍအလိုက်မှတ်တမ်းစာအုပ်များ ထုတ်ဝေနိုင်ရေးအတွက် အထောက်အထားအပြည့်အစုံဖြင့် အချက်အလက်များပြုစုပေးပို့နိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ၂၀၂၄ခုနှစ် မေလ(၇)ရက်နေ့ ရက်စွဲဖြင့်အကြောင်းကြားစာ ပို့လာကြောင်းသိရသည်။

“ပအိုဝ်းအနုပညာတွေဖြစ်တဲ့ (အဒုံႏအအူ၊ ငေါဝ်းတဲက်၊ ငေါဝ်းပစိုး၊ ငေါဝ်းသချင်ꩻ၊ ငေါဝ်းကဲ၊ ငေါဝ်းထော) အတီး၊ အမှုတ်၊ စကားဝှက်၊ စကားထာ၊ သီချင်း၊ စကားနိုင်၊ စကားလု စတာတွေကို နိုင်ငံတော်ကကျွန်တော်တို့ကို မှတ်တမ်းပြုရေးဆွဲခိုင်းတာ၊ အဲ့တာပြီးရင်နိုင်ငံတော်က စာအုပ်နဲ့ပြုလုပ်ပေးမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ‌ရေးဆွဲနိုင်ဖို့ဆွေးနွေးခဲ့တာဖြစ်တယ်” ဟု ပအိုဝ်းစာပေနှင့် ယဥ်ကျေးမှု ဗဟို ဥက္ကဌ ခွန်ဝင်းကိုက ခမ်းသားငေါဝ်းကို ပြောသည်။

ပအိုဝ်းလူမျိုးတို့၏ မူလရှေးဟောင်းဂီတအနုပညာများကို ရေးဆွဲဖော်ထုတ်သွားမည်ဖြစ်ပြီး နောက်မှထပ်ပေါ်လာပြီး မူလယဥ်ကျေးမှုမဟုတ်သည့် ဂီတအနုပညာများကမပါဝင်ကြောင်း ၎င်းကဆက်ပြောသည်။

“ခွန်သာဒွန်းနောက်ပိုင်းမှပေါ်လာတဲ့ ဂီတအနုပညာခါကျတော့ မပါဝင်ဘူး၊ မူလဇာတိပအိုဝ်းယဥ်ကျေးမှုတွေ အသုံးအဆောင်ပစ္စည်းတွေကဘယ်လိုရှိတယ်ဆိုတာကို ရေးဆွဲပြီး နိုင်ငံတော်ကအတည်ပြုပြီးပြီဆိုရင် စာအုပ်နှင့်တကွထုတ်ပေးမယ်၊ ဒီကိစ္စခါကျတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံတိုင်းပါပဲ နိုင်ငံတော်တောင်းလာတာက” ဟု၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ ခေတ် ဟောင်းတေးသီချင်း၊ ဂီတသံစဥ်၊ ရိုးရာအက၊ ရိုးရာတူရိယာပစ္စည်းများနှင့် စပ်လျဥ်း၍ တိကျမှန်ကန်သည့် အချက်အလက်များအား ကဏ္ဍအလိုက်ပြုစုကာ အထောက်အထားအပြည့်အစုံဖြင့် စနစ်တကျမှတ်တမ်းစာအုပ်ထုတ်ဝေနိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် လိုအပ်လျက်ရှိကြောင်း သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *