ခမ်းသားငေါဝ်း
မေ ၁၄ ၊ ၂၀၂၄
စံကားအင်းဒေသတွင် PNO ပြည်သူ့စစ်မှ မူးယစ်ဆေးဝါးသုံးဆွဲသူများကိုဖမ်းဆီးပြီး ငွေဒဏ်၊ကြိမ်ဒဏ်ဖြင့်အပြစ် ပေးလိုက်ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသ ကုန်းပြားကျေးရွာတွင် မေလ(၁၃)ရက်နေ့၌ PNO ပြည်သူ့စစ်မှ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဝင်ရောက်ဖမ်းဆီးကာ လူအများရှေ့တွင် ငွေဒဏ် ၄ သိန်း၊ ကြိမ်ဒဏ် ၃ ချက်ပေးပြီး ငွေရေးအဆင်မပြေသူကို ပြည်သူ့စစ်ထဲ စစ်မှုထမ်းခြင်းလုပ်ဆောင်စေခဲ့သည်၊၊
“တစ်ယောက်ကတော့ငွေရေး၊ ကြေးရေးအဆင်မပြေတော့ ငွေဒဏ်နဲ့ကြိမ်ဒဏ်တော့လွတ်သွားတယ် ဒါမဲ့သူတို့ တခါထဲစစ်ထဲခေါ်ဝင်လိုက်တယ်၊ ရောင်းပေးတဲ့လူတစ်ယောက်ကတော့ (၅)ချက်အရိုက်ခံလိုက်ရတယ် ဒဏ်ငွေ(၁၅)သိန်းလည်းဆောင်လိုက်ရတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းးကိုပြောသည်။
ပြည်သူ့စစ်ထဲခေါ်ခံရသူက ငွေရေးအဆင်မပြေ သည့်အတွက် ဒဏ်ငွေဆောင်ရန် ကျေးရွာအတွင်း လိုက်ချေးသော်လည်း ချေးပေးသည့်သူမရှိခြင်းကြောင့် ခြံရောင်းပြီးပေးပါ့မည် ခြံရောင်းထွက်သည်အထိစောင့်ပေးရန် တောင်းပန်ခဲ့သော်လည်း မရဘဲစစ်ထဲတန်းဝင်ခဲ့ရသည်၊၊
“သူတို့ဒီလိုလာလုပ်ပေးတော့ကောင်းတယ်၊ ဒါမှနောင်လာနောင်သားတွေအတွက် မူးယစ်ဆေးနဲ့ပတ်သက်ရင် ကြောက်စိတ်တွေရှိသွားတာပေါ့၊ အခုရွာထဲမှာဆေးသုံးတဲ့သူမရှိတော့ ငြိမ်သွားတာပဲ၊ ကျေးရွာအတွက်လည်း စစရာရာအဆင်ပြေစေတယ်” ဟု၎င်းကဆက်ပြောသည်။
အစကမူးယစ်ဆေးရောင်းသူအားဖမ်းမိပြီး အဲ့ကနေတစ်ဆင့်ပြီးတဆင့်ဖော်ထုတ်ရာ သုံးစွဲသူအပါအဝင် (၁၆)ဦးဖမ်းမိခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ထိုဖမ်းမိသည့်အဖွဲ့မှ ကျန်ရစ်သူ ၁၅ ဦးသည် မူးယစ်ဆေးများထပ်မံ ရောင်းချခြင်း၊ သုံးစွဲခြင်းပြုလုပ်ပါက ငွေဒဏ်၊ ကြိမ်ဒဏ်မခံရတော့ဘဲ တစ်ခါတည်း ပြည်သူ့စစ်ထဲခေါ်ဝင်မည်ဖြစ်ကြောင်း သိရသည်။
#PPV007