ခမ်းသားငေါဝ်း
မေ ၁၃ ၊ ၂၀၂၄

ဟိုပုံးမြို့နယ် ကျောက်တန်းရွာတွင် PNO ပြည်သူ့စစ်က ‌ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဆက်ကြေးကောက်ခံခြင်းများပြုလုပ်နေသည့်အတွက် ကျောက်တန်း‌ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ကျောက်တန်း ဒေသတွင် PNOပြည်သူ့စစ်က ‌ဘက်ဟိုး /ကုန်တင်ကားကြီးတစ်စီးလျှင် ၁ သိန်း၊ကုန်စုံ ဆိုင်ငယ် ၅ သောင်း၊ စတိုးဆိုင်ဆိုင်ကြီး ၁ သိန်း၊ အိမ်သုံးကားတစ်စီးလျှင် ၅ သိန်းကောက်ခံပြီး စိုက်ပျိုးရာသီနီးလာပြီဖြစ်သည့်အတွက် ဒေသခံများ အခက်အခဲတွေ့နေရသည်။

“ရပ်သားရွာသားတွေ အစည်းအဝေးလုပ်လည်း သူတို့သတ်မှတ်ပေးထားတဲ့‌ဘောင်အတွင်း အာဏာအတွင်းပဲပြန်ရောက်တော့ လွန်ဆန်မရဘူး ခေါင်းပဲငြိမ့်ကြရတယ် ဘာအတွက်အသုံးပြုလဲသိချင်မိတယ် နောက်တစ်ခါအခွန်ကောက်တာလည်း ထပ်မလိုလားတော့ဘူး အခုရာသီစိုက်ပျိုးမယ့်ရာသီရောက်တော့ မြေသြဇာတွေ ဖြန်းဆေးအတွက်ချန်ထားရမှာကို သူတို့အတွက်ပဲထည့်ပေးနေရတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ပြီးခဲ့သည့်ဧပြီလတွင်လည်း ကျောက်တန်းဒေသတွင် စစ်အသုံးစရိတ်ဟုဆိုကာတစ်ရွာလုံးကို ဆက်ကြေးအနေဖြင့် သိန်း ၉၀၀ ကောက်ခံခဲ့ပြီး ယခုတွင်လည်း PNOပြည်သူ့စစ်က အခွန်ကြေးသိန်း ၁၅၀ ကောက်ခံခဲ့ပြီး ရွာသားများကို အင်တာနက်ပေါ်မတင်ရန်လည်းခြိမ်းခြောက် ပြောဆိုခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသတွင် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်စသည်ဖြင့် အခွန်အမျိုးမျိုးကောက်ယူလျက်ရှိကာ စစ်သားအတင်းအဓမ္မစုဆောင်းမှုများလည်းပြုလုပ်နေကြောင်းသိရပါသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *