ခမ်းသားငေါဝ်း
မေလ ၁၁၊ ၂၀၂၄

PNO၏စီးပွားရေးတာဝန်ခံ မြန်မာနိုင်ငံ ခရိုနီတစ်ဦးဖြစ်သည့် ဦးနေဝင်းထွန်းကို PNO ပြည်သူ့စစ် စစ်ကော်မတီ က PNO ပြည်သူ့စစ်၏ဒုစစ်ဦးစီးချုပ်ရာထူးအဖြစ်တင်မြောက် လိုက်ကြောင်း သိရသည်။

ဦးနေဝင်းထွန်း၏ မူလရာထူးသည် စစ်ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး တပ်ရင်း(၄)ကို ဉီးဆောင်သူတစ်ဉီးဖြစ်ကာ ဆီဆိုင်တိုက်ပွဲတွင် စစ်ကောင်စီ၏ခိုင်းစေမှုအရ ကိုယ်တိုင်ရှေ့တန်းထွက်ပြီး လွယ်ထွယ်ရွာတိုက်ပွဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

‘’နေဝင်းထွန်းက ဘာအမျိုးသားရေး၊ ဘာနိုင်ငံရေးမှမရှိဘဲ သူ့ရဲ့အကျိုးစီးပွား အတွက်ပဲသူလုပ်နေတာ၊ ပအိုဝ်းလူမျိုးကို အသုံးချနေတာ၊ ဒီလိုစီးပွားသမား တစ်ယောက်ကို ဒုစစ်ဦးစီးချုပ်နေရာ ပေးလိုက်တော့ ပအိုဝ်းအဖွဲ့အစည်းတခုလုံးသူ့အိတ်ကပ်ထဲရောက်သွားပြီ၊”လို့ ပအိုဝ်းနိုင်ငံရေးစောင့်ကြည့်လေ့လာသူ တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နေဝင်းထွန်း တိုက်ပွဲရှေ့ထွက်လာရခြင်းသည် မိုင်းပွန်မြို့နယ်အတွင်း ကောင်တန်ရှိ သူ၏ခနှောက်စိမ်းသတ္တုတွင်း ကိုကာကွယ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ပအိုဝ်းအမျိုးသားအတွက် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း လည်း ၎င်းကသုံးသပ်သည်။

လက်ရှိ PNO ပြည်သူ့စစ် စစ်ဦးစီးချုပ်သည် ဗိုလ်မှူးကြီး ခွန်မြင့်အောင်၊ ဒုစစ်ဦးစီးချုပ်(၁)အဖြစ် နေဝင်းထွန်း၊ နှင့် ဒုစစ်ဦးစီးချုပ် (၂) အဖြစ် ခွန်စိန်မင်းတို့ကို တင်မြောက်ခဲ့ကြောင်းသိရသည်။

ဓနအင်အားတောင်းတင်းသည့် ဦးနေဝင်းထွန်းသည် စစ်ဦးစီးချုပ် ခွန်မြင့်အောင်က ထိန်းနိုင်မည်မဟုတ်ကြောင်း လည်း ပအိုဝ်းနိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်သုံးသပ်ထားသည်။

ဦးနေဝင်းထွန်းသည် ဖခင် မူဆလင်လူမျိုးနှင့် မိခင် အင်းသားလူမျိုးမွေးဖွားလာခြင်း ဖြစ်ပြီး ညောင်ရွှေမြို့နယ် မိုင်းသောက်ရွာဇာတိဖြစ်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNO ငြိမ်းချမ်းရေးယူပြီးမှ PNO အဖွဲ့အစည်းသို့ စီးပွားရေးလုပ်ငန်းဖြင့်ဝင်ရောက်ခဲ့သူဖြစ်သည်။

PNO နယ်မြေအတွင်း လုံခြုံရေးကိစ္စ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နိုင်ရန်ဟု ဆိုပြီးမေလ ၃ ရက်နေ့က စစ်ကော်မတီအစည်းအဝေးကြီးတစ်ရပ်လုပ်ဆောင်ပြီး ရာထူးအပြောင်းအလဲများ ပြုလုပ်လာခြင်းဖြစ်ကြောင်း မေလ ၈ ရက်နေ့က ထုတ်ပြန်လာခဲ့သည်။

ပအိုဝ်းလူငယ်တစ်ဦးက ‘’ပအိုဝ်းမှာရှိနေတဲ့ ပအိုဝ်းလက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပူးပေါင်းပြီး ပအိုဝ်း အမျိုးသားရေးတွေ တစိုက်မတ်မတ် လုပ်ဆောင်သွားမယ်ဆိုရင် အမျိုးသားတွေအတွက်၊ ပြည်သူအတွက် အင်မတန်ကြီးမားတဲ့ အပြောင်းလဲဖြစ်လိမ့်မယ်၊ အဲလိုမဟုတ်ပဲ အဖွဲ့အစည်းဆိုင်ရာပြောင်းလဲ မှုတစ်ချို့ပဲ လုပ်ဆောင်နေတယ် ဆိုရင်တော့ လူထုတွေအပေါ်သက်ရောက်မှုမရှိသလို လူထုတွေအနေနဲ့ အားရကျေနပ်တဲ့ ပြောင်းလဲမှုဖြစ်ချင်မှဖြစ်မယ်၊ ပအိုဝ်းလူထုတွေလိုချင်တဲ့အပြောင်း အလဲက တော့ ဒီလိုအပြောင်းအလဲ မဟုတ်ဘူး” ဟု ပြောသည်။

PNO အဖွဲ့အစည်းသည် ပအိုဝ်းတမျိုးသားလုံးကိုယ်စားပြုအဖွဲ့ဟု ခံယူထားသော်လည်း ဘယ်သူမှ အကြံပြုပြော ဆိုနိုင်ခြင်းမရှိပဲ လူတစ်စု ဆုံးဖြတ်မှုပေါ်သာမူတည်လုပ်ဆောင်နေကြောင်းသိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO သည်၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့်အဖွဲ့အစည်းဖြစ်ပြီး နောက် အသွင်ပြောင်းပြည်သူ့စစ်အဖြစ်ခံယူပြီး စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တည်ရှိသည့် အဖွဲ့ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပအိုဝ်းပြည်သူလူထုကို တပ်သားသစ်အဓမ္မခေါ်ယူခြင်း၊ ဆက်ကြေးကောက် ခံခြင်းအပြင် ပအိုဝ်းလူထုအပေါ် မတရားလူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများ ဆက်လက်ကျူးလွန်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *