ခမ်းသားငေါဝ်း
မေ ၁၁၊၂၀၂၄

ဆိုက်ခေါင်အရှေ့ဘက်ရှိ ကျေးရွာခံများကို PNO ပြည်သူ့စစ်အဖွဲ့က အစည်းအဝေးခေါ်ပြီး တစ်ရွာလျှင် ၅ဦးစီ စစ်ကြောင်းလိုက်ခိုင်းနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဒေသအရှေ့ဘက်ရှိကျေးရွာအချို့ကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့က အစည်းအဝေးခေါ်ပြီး တစ်ရွာလျှင် ၅ဦးစီဖြင့် PNO၏ စစ်ကြောင်းကိုလိုက်သွားရမည်ဖြစ်သလို ကျေးရွာရောက်လာသည့်စစ်သားကိုလည်းထမင်းထုပ်ပို့ပေးရကြောင်းဆိုသည်။

“အစည်းအဝေးခေါ်တယ် လွယ်ပွတ်မှာ တစ်ရွာ ၅ ယောက် PNO စစ်ကြောင်းကိုလိုက်သွားရမယ်တဲ့ နေ့တိုင်းနေ့တိုင်းပဲ မသွားလို့မရဘူး အဲ့နေ့ စစ်သားတွေလည်းအများကြီး ထပ်ရောက်လာတယ် တစ်ရွာလုံးတစ်အိမ်ကိုထမင်းသုံးထုပ်လည်းထပ်ပို့ပေးရသေးတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ယင်းစစ်ကြောင်းခေါ်ရာတွင် ရွာသားများလိုက်သွားရန်ဆန္ဒမရှိဘဲ မလိုက်ရစေရန်တောင်းပန်ခဲ့သော်လည်းမရကြောင်း ၎င်းကဆက်ပြောသည်။

ဆိုက်ခေါင်အရှေ့ လွယ်ပွတ်ကျေးရွာအတွင်း၌ PNOပြည်သူ့စစ်တပ်ဖွဲ့အင်အား ၂၀၀ ကျော်ရှိနေပြီး ရွာသားများ ထမင်းထုပ်ပို့ပေးနေရကြောင်းသိရသည်။

ရှမ်းတောင်ရှိ ပအိုဝ်းကျေးရွာများအတွင်း၌ လူငယ်လူရွယ်များကို စစ်မှုထမ်းဆင့်ခေါ်ခြင်း ဆက်ကြေးအတင်းကောက်ခံခြင်း စသည်တို့ကြောင့် ရွာခံများမှာ အခက်အခဲဖြစ်နေရကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *