ခမ်းသားငေါဝ်း
မေ ၁၀၊၂၀၂၄

ဆီဆိုင်မြို့အခြေအနေသည် လုံးဝငြိမ်းချမ်းသည့်အနေအထားမဟုတ်သည့်အတွက် မိမိနေအိမ်ပြန်နေထိုင်ကြသည့်သူတချို့ အခက်အခဲများကြုံတွေ့နေရကြောင်း ဆီဆိုင်မြို့ခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့်ကျေးရွာအချို့တို့တွင် တိုက်ပွဲအခြေအနေအားလုံးတည်ငြိမ်ပြီးအနေအထားမဟုတ်သော်လည်း ဒေသခံပြည်သူများက သကြင်္နအလွန်ကာလတွင် မိမိ၏ နေအိမ်ကိုပြန်နေခြင်း ပစ္စည်းများပြန်သယ်ခြင်းစသည်ပြုလုပ်ကြသည်။

“ပြည်သူတွေကတော့ မထူးဇာတ်ခင်းပြီး ကိုယ့်အိမ်ကိုပြန်နေကြရတဲ့သဘောပါ မြို့ပတ်ဝန်းကျင်ကလည်းတိုက်ပွဲကဖြစ်တော့ မြို့ထဲဘယ်အချိန်ပြန်ဝင်မလဲဆိုတဲ့စိုးရိမ်သောကတွေလည်းရှိပါတယ် ညညဆိုလည်းလက်နက်ကြီးသံတွေကြားနေရတယ်”ဟုဆီဆိုင်မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိဆီဆိုင်မြို့အတွင်းတွင် လျှပ်စစ်မီး ၊ ရေမရရှိခြင်း စားနပ်ရိက္ခာအလုံအလောက်မရှိခြင်းတို့အပြင် ဆက်သွယ်ရေးဖုန်းလိုင်းများလည်းပြတ်တောက်နေပြီး ATOM အော်ပရေတာက လုံးဝလိုင်းမရတော့ကြောင်း၎င်းကဆက်ပြောသည်။

စစ်ဘေးတိမ်းရှောင်ရင်း ရက်ကာလရှည်ကြာသည့်အတွက်အချို့နေရာတွင် စစ်ဘေးရှောင်ကိုမလက်ခံတော့ခြင်း၊ ရေရှားပါးခြင်းကြောင့်ပြန်လာကြသော်လည်း မြို့အတွင်းကိုပြန်နေထိုင်ကြရာ အခက်အခဲများကြောင့် ထပ်မံတိမ်းရှောင်နေရသူလည်းရှိနေကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင်မြို့အပါ ရှမ်းတောင်တိုက်ပွဲ ၃ လကျော်အတွင်း လူနေအိမ်များ ဘာသာရေးအဆောင်းအဦးများစသည်ပျက်စီးရမှုပေါင်း ၆၀၀ ကျော်ရှိနေပြီး စစ်ဘေးရှောင်ပြည်သူများလည်း ၇၂၀၀၀ နှင့်အထက်ရှိကြောင်းပအိုဝ်းလူငယ်အစည်းအရုံး (PYO)ကောက်ယူထားသည့်အချက်အလက်အရသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *