ခမ်းသားငေါဝ်း
မေ ၁၀၊ ၂၀၂၄

စစ်အာဏာရှင်စနစ်အ​မြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အင်းလေးပြည်သူ့ကာကွယ် ရေးတပ် IPDF ( ၁၀၀၉ တပ်ရင်း) ကပြောဆိုလိုက်သည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ( ၁၀၀၉ တပ်ရင်း) အပါတ်စဥ် ၈/၂၀၂၄ စစ်သင်တန်းဆင်းပွဲကို မေလ ၇ ရက်နေ့တွင်ကရင်နီပြည်တစ်နေရာတွင်အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့တပ်ဖွဲ့ရဲ့ အဓိကခံယူချက်ကတော့ တခြား PDF တပ်ဖွဲ့နည်းတူပဲ စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်သွားပြီး ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ကို ရယူဖို့ပဲ ဖြစ်တယ်” လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းမှူးက ခမ်းသားငေါဝ်းကိုပြောသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် တပ်သားသစ် ၁၀၀ ပါဝင်ပြီး နောက်ထပ်အပါတ်စဥ် ၉ သင်တန်းအတွက် ရဲဘော်သစ်များ အရံသင့်ရှိနေပြီး သင်တန်းထပ်ဖွင့်ရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အင်းလေးဒေသတွင် တစ်ဖွဲ့တည်းသော တပ်ဖွဲ့ဖြစ်သောကြောင့် အင်းလေးဒေသအတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံအပေါ် တာဝန်ယူမှု တာဝန်ခံမှုပိုရှိရမည်ဖြစ်ပြီး၊ ပိုမိုပြင်းထန်သည့် ခံယူချက်မျိုးဖြင့် အာဏာရှင်စနစ်ကို တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။

လက်ရှိတွင် မဟာမိတ်ညီနောင်တပ်ရင်းများဖြစ်သော PDF/KNDF များနှင့် တိုက်ပွဲဝင်တိုက်ခိုက်လျှက်ရှိနေပြီး တပ်ရင်းအတွင်းတိုးပွားလာသော အင်အားသစ်များ နှင့်အတူ ရဲဘော်များအတွက် စစ်ဝတ်တန်ဆာများ နှင့် စားနပ်ရိက္ခာ လိုအပ်ချက်များရှိနေကြောင်းလည်း ပြောဆိုထားသည်။

IPDF တွင် တိုင်းရင်းသားလူမျိုးစုံ လူငယ်များပါဝင်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *