ခမ်းသားငေါဝ်း
မေ ၇၊ ၂၀၂၄

အောင်ပန်းမြို့အနီး၊ ကျောက်ဆင့်ကျေးရွာ၌ အသက် ၇၆ နှစ်အရွယ်အမျိုးသားတစ်ဦး နွားစာရှာရာမှ ကျောက်တောင်ပေါ်က မတော်တဆ ပြုတ်ကျပြီးသေဆုံးသွားကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်မှီကျေးရွာအုပ်စု ကျောက်ဆင့်ရွာနေအသက် ၇၆ နှစ်အရွယ် ဦးသန်းသည် မေလ ၅ ရက်ကရွာမြောက်ဖက်အနီး ၁၈ ပေခန့်အမြင့်ရှိသော ကျောက်တောင်ပေါ် သို့တက်၍ နွားစားရှာရင်း ဒန့်တကူး ပန်းခူးခဲ့ရာ သစ်ကိုင်းကြိုးကျသွားပြီး ပြုတ်ကျခဲ့ရာမှ ခေါင်းနှင့်ကျောက်ဆောင် ရိုက်မိ၍ သေဆုံးသွားကြောင်းသိရသည်။

” ရောက်တဲ့အချိန်မှတော့ ဘယ်ဘက်ဦးခေါင်းချိုင့်ဝင်နေတာတွေ့တယ်၊ မျက်နှာမှာလည်းသွေးတွေအများကြီးထွက်နေတယ်” ဟုအောင်ပန်းနာရေးကူညီမှုအသင်း ၏ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဦးသန်းသည် ညမိုးချုပ်ချိန်ထိအိမ်ကိုပြန်ရောက်မလာသောကြောင့် မိသားစုများလိုက်ရှာခဲ့သော်လည်း မှောင်နေသောကြောင့် မတွေ့ခဲ့ကြောင်း၊ နောက်နေ့နေ့လည် နှစ်နာရီခန့်မှ ဦးသန်း၏ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်း ကဆိုသည်။

သေဆုံးသူရုပ်ခန္ဓာအားအောင်ပန်းဆေးရုံရင်ခွဲရုံသို့ အောင်ပန်းနာရေးကူညီမှုအသင်းက ကူညီပို့ဆောင်ခဲ့ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *