ခမ်းသားငေါဝ်း
မေ ၇ ၊ ၂၀၂၄

ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲသုံးလကျော်အတွင်းတွင် အဆောက်အအုံ ထိခိုက်ပျက်စီးမှုခြောက်ရာကျော်အထိရှိလာသည်ဟုပအိုဝ်းလူငယ်အစည်း အရုံး(PYO)က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်၊ ညောင်ရွှေ ၊ဟိုပုံး၊ ပင်လောင်းရှိတိုက်ပွဲရက်ပေါင်း(၁၀၅)ရက်တာ ကာလအတွင်း အဆောက်အအုံ ၆၁၇ ခုပျက်စီးခဲ့သည်၊၊

“အိမ်ပျက်စီးသွားတဲ့သူတွေက အိမ်ကို ပြန်လာလို့ရတယ်ဆိုပေမယ့် သူတို့လေး စစ်ဘေးရှောင်ပြည်သူတွေလိုဘဲ အစကနေ ပြန်လည်ထူးထောင်ရေးတွေ စဉ်းစားကြရတယ် ချက်ချင်းပြန်ထူထောင်ဖို့က အတော်ကို ခက်ခဲပါတယ် ပြန်လည်ထူးထောင်ရေး မလုပ်နိုင်တဲ့ကြားကာလမှာ အကူညီတွေ ဆက်လက်လိုအပ်မှာ ဖြစ်ပါတယ်”ဟု PYO ရှိတာဝန်ရှိသူတစ်ဦးမနန်းကခမ်းသားငါဝ်းကိုပြောသည်။

ထို့အပြင် ရှမ်းတောင်တွင် တိုက်ပွဲငြိမ်သက်နေပြီး နေရပ်ပြန်ပြည်သူများရှိနေသော်လည်း စစ်ဘေးရှောင် ၇၂၀၀၀ အထိတိုးလာနေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ၄၆၂ ကြိမ်နှင့်အထက်ဗုံးကြဲတိုက်ခဲ့ပြီး လက်နက်ကြီးဖြင့် ၃၁၇၈ နှင့်အထက် ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ပွဲအတွင်းတွင်အရပ်သားထိခိုက်ဒဏ်ရာရရှိမှု ၈၇ ဦးရှိခဲ့ပြီး အရပ်သားသေဆုံးမှု ၆၇ ဦးအထိရှိလာခဲ့ကာ လက်နက်ကြီးထိမှန်မှုကြောင့်သေဆုံးသည့်ဦးရေ ၁၈ ဦး၊လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးရသည့်ဦးရေ ၁၆ ဦး၊အဖမ်းခံရပြီးသေဆုံးရသည့်ဦးရေ ၁၆ ဦးနှင့် စစ်ရှောင်ရင်းပစ်သတ်ခံရခြင်း၊စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်တွင်သတ်ဖြတ်ခံရခြင်းနှင့်ကြောက်လန့်ထွက်ပြေးသည့်အတွက် စစ်သားများမှ လိုက်လံပစ်ခတ်ရာမှ သေဆုံးသည့်ဦးရေ ၁၇ ဦးအထိရှိလာသည်ဟုလည်းဖော်ပြထားပါသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *