ခမ်းသားငေါဝ်း
မေ ၇ ၊ ၂၀၂၄

ဖာလဲ(ဖာလုဲင်)ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် SSPP/SSAတပ်တို့ကြား တိုက်ပွဲဖြစ်နိုင်သော ကြောင့် စစ်ကောင်စီတပ်က ဒေသခံများအား စစ်ဘေးရှောင်ရန် သတိပေးထားကြောင်း ဒေသခံတစ်ဦးထံက ယနေ့တွင်သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတိုက်နယ်ရှိ ဖာလဲ(ဖာလုဲင်)ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိသည့်အတွက်ကြောင့် ဒေသခံများစစ်ဘေးရှောင်ရန် စစ်ကောင်စီကကြိုတင်ပြင်ဆင်ထားခိုင်းသည်။

“သူတို့သတိလာပေးတာက‌တော့ ဒီရက်ပိုင်းအတွင်းပဲ၊ တစ်ချို့ဆိုအထုပ်ပြင်ပြီး ဆွေမျိုးတွေရှိတဲ့ တခြားမြို့တို့ ရွာတို့မှာသွားထားကြပြီ၊ လူတွေကပြေးတော့မပြေးကြသေးပါဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဖာလဲ(ဖာလုဲင်)ကျေးရွာအဝင်ရှိစစ်ကောင်စီတပ်တွင် စစ်ကောင်စီကဗုံးများထောင်ထားနေပြီး ဒေသခံများအနေဖြင့်လည်း စိုးရိမ်စိတ်မလွန်စေရန်နှင့် တစ်ဖက်တပ်ကလာရောက်တိုက်ခိုက်ခြင်းမရှိပါက တိုက်ပွဲဖြစ်ပွားနိုင်စရာလည်းမရှိဘူးဟု စစ်ကောင်စီကပြောဆိုထားကြောင်း ၎င်းကဆက်ပြောသည်။

“သူတို့တပ်မှာက ဗုံးတွေတော့ထောင်ထားနေပြီကြားတယ်၊ အခုကအထုပ်တွေသာအရင်ပြင်ခိုင်းတာ ခုထိတော့အခြေနေက ငြိမ်နေတုန်းပါပဲ” ဟု၎င်းကဆက်ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)သည် စစ်မှန်သည့်ပြည်ထောင်စု ဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့်နည်းလမ်းမရှိတော့သည့်အတွက်ကြောင့် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSAက နှစ်(၆၀)ပြည်အခန်းအနားတွင် ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး စဝ့်ခွန်ဆိုင်က ပြောဆိုထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *