ခမ်းသားငေါဝ်း
မေ ၇၊၂၀၂၄

ကရင်နီ(ကယား)ပြည်နယ်တွင် ဧပြီလ ၁ လအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးတို့အပါဝင် လက်နက်ချအညံ့ခံသူ ၅၆ ဦးထိရှိပြီး တိုက်ပွဲတွင်သေဆုံးရသူတပ်ဖွဲ့ ၅၀ ဦး ကျော်အထိရှိကြောင်း KNDF ဗဟိုထံကသိရသည်။

စစ်ကောင်စီ ခမရ ၅၁၅ ၊ခမရ ၅၁၆ နှင့် ခလရ ၁၊ ခလရ၁၃၅ တပ်ရင်းတပ်ဖွဲ့အင်အားတစ်ရာကျော်တို့သည် ဘောလခဲမှ ဖားဆောင်းဘက်သို့ဦးတည်ပြီး ပါပုကျေးရွာအနီးတွင် ဧပြီလ ၁၁ ရက်နေ့နံနက်က တော်လှန်ရေးတပ်ပေါင်းစုနှင့်တိုက်ပွဲပြင်းထန်ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါဝင် လက်နက်ချအညံ့ခံပြီး သေဆုံးသူများလည်းရှိကာလက်နက်ကြီးလက်နက်ငယ် ၇၀ ကျော်နှင့်ခဲယမ်းများသိမ်းဆည်းရခဲ့ကြောင်းKNDFဗဟိုကထုတ်ပြန်ထားသည်။

“လက်နက်ချတာက ၅၆ ဦးဗျ သူတို့ကိုစစ်သုံ့ပန်းအနေနဲ့ပဲဖမ်းထားတာဖြစ်တဲ့အတွက် သူတို့ကို နိုင်ငံတကာဥပဒေနဲ့အညီ လူ့ခွင့်ရေး လူ့ဂုဏ်သိက္ခာနဲ့အညီထိန်းသိမ်းထားပါတယ်”ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

KNDFမှလက်လှမ်းမှီထားသည့်အချက်အလက်အရ တိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၅၀ ကျော်လည်းသေဆုံးခဲ့ရပြီး စစ်မြေပြင်ကျယ်ပြန့်သည့်အတွက် ရထားသည့်အချက်အလက်ထက်သေဆုံးသူဦးရေပိုများနိုင်ကြောင်း၎င်းကဆက်ပြောသည်။

မေလ ၆ ရက်နေ့တွင်လည်း ဖားဆောင်းဘက်လာသည့် စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စီးကိုတော်လှန်ရေးတပ်ပေါင်းစုက ပစ်ချနိုင်ခဲ့ပြီး ယာဥ်မောင်း၂ ဦးသေဆုံးရသလို ယနေ့မေလ ၇ ရက်နေ့မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းပြောဆိုသည်။

PPV004

Leave a Reply

Your email address will not be published. Required fields are marked *