ခမ်းသားငေါဝ်း
မေလ ၆၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်နေ နန်းရွဲနှင့် ၎င်း၏သားသည် မေလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကျန် လက်ပစ်ဗုံးထိမိ၍ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရပါသည်။

ဖြစ်စဥ်မှာ နန်းရွဲသည် လက်ဖက်ရည်ဆိုင်ဖွင့်ရန် သန့်ရှင်းရေးလုပ်နေစဥ် ဆိုင်ရှေ့ မြောင်းထဲရှိ စစ်ကျန် လက်ပစ်ဗုံးကို တုတ်နှင့်ကော်ထုတ်လိုက်မိသည့်အတွက် ပေါက်ကွဲမှုဖြစ်ပွားပြီး သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“မနေ့ညကဖြစ်သွားတာပေါ့ သူကမပေါက်ကွဲသေးတဲ့ဗုံးကိုသွားကိုင်တွယ်မိတော့ ပေါက်ကွဲသွားတာ‌‌ပေါ့ မြကန်သာရပ်ကွက်မှာ အဖြစ်များတယ် မြကန်သာမှာပဲသူအပါအဝင်သူ့လိုဖြစ်သွားတာသုံးယောက်ရှိပြီ တစ်ယာက်ကခြေပြတ်သွားတယ်နောက်ထပ်တစ်ယောက်ကသေဆုံးသွားတယ်”ဟု အမည်မဖော်လိုသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

နန်းရွဲသည်ဗုံးပေါက်ကွဲမှုကြောင့် နားရွက်တွင် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ၎င်း၏သားသည် ကျောပြင်နှင့် ပေါင်တွင်ထိခိုက်ဒဏ်ရာရှိခဲ့ကာ လက်ရှိတွင် တောင်ကြီးမြို့ရှိ စဝ်ထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရပါသည်။

ဒေသခံများနေရပ်ပြန်ရောက်ပြီး စစ်ကျန်စစ်ပစ္စည်းများတွေ့ရှိက သက်ဆိုင်ရာ တာဝန်ရှိသူ များထံအကြောင်းကြားရန်လိုအပ်ကြောင်းဒေသခံတစ်ဦးကပြောသည်။

ဆီဆိုင်မြို့တွင် မြို့တွင်းနေရာတော်တော်များမပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များရှိနေသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် ၊စိုးရိမ်စိတ်၊ကြောက်လန့်နေသော စိတ်ဖြင့် ပြန်နေနေရကြောင်း သိရသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *