ခမ်းသားငေါဝ်း
မေလ ၅၊ ၂၀၂၄

မြန်မာသတင်းမီဒီယာများ၏ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု လွတ်လပ်သည့် မြန်မာသတင်းမီဒီယာကောင်စီ IPCMအတွင်းရေးမှူးက ပြောဆိုလိုက်သည်။

မေလ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ IPCM ဦးဆောင်ပြီး ကျင်းပခဲ့သည်။

‘’ကိုယ့်ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ သတင်းဌာနရဲ့ ဘေးကင်းလုံခြုံရေးအတွက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အသီးသီးရဲ့ ကြိုးပမ်းဆောင်ရွက်နေတာတွေကိုလည်း IPCM ကအသိမှတ်ပြုပါတယ်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်နဲ့ သတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံရေးတွေအတွက် သတင်းမီီဒယာလွတ်လပ်ခွင့်အခြေခံအတိုင်းသတင်းဌာနတွေကို ဘယ်လောက်တုံ့ပြန်ဖြေဆိုသလဲဆို တာအပေါ်မူတည်ပြီး သူတို့ကို သုံးသပ်အကဲခတ်သွားမှာပါ”ဟု IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေသတင်းဌာနမှ ကိုမိုင်းကောင်းစံက ‘’ဒီဘက်ခြမ်းက တခြားနေရာ ထက်စာရင်နည်းနည်းကောင်းတယ်၊ ခုချိန်ထိသက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့က ဖိနှိပ်ချုပ်ချယ်တာ၊ ကန့်သတ်တာ မရှိ သေးဘူး၊ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားလို့ရတယ်၊ ကိုယ်သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မဟုတ်ရင် သွားလာရတာတော့ သတိတော့ထားရပါတယ်၊ သူတို့လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကိုယ်တွေက ရေးနေတာဆိုတော့လေ၊” ဟုပြောသည်။

လွတ်လပ်သည့်မြန်မာသတင်းမီဒီယာကောင်စီအနေဖြင့် အရှေ့တောင်အာရှဒေသတွင်းရှိ အခြားသတင်းမီဒီယာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်မှုများကိုလည်း ပြုလုပ်သွားရန်ရှိပြီး ကျယ်ကျယ်ပြန့်ပြန့် ကွန်ယက်ချဲ့ထွင်ခြင်းများလုပ်သွားမည်ဟုသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အစိုးရက သတင်းထောက် များစွာကို ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ အနည်းဆုံး ၅၂ ဦးသည် အကျဉ်းထောင်တွင်ရှိနေဆဲဖြစ်ပြီး ပြည်တွင်းသတင်းတိုက် ၁၉ ခုတို့၏ လုပ်ကိုင်ခွင့်လိုင်စင်များလည်း ရုတ်သိမ်းခံခဲ့ရသည်။

PPV002

Leave a Reply

Your email address will not be published. Required fields are marked *