ခမ်းသားငေါဝ်း
မေ ၂ ၊ ၂၀၂၄

ဆီဆိုင်မြို့သို့ပြန်နေသူများ လျှပ်စစ်မီး၊ ရေများ မရသဖြင့် အခက်အခဲများဖြစ်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲငြိမ်သက်နေပြီဖြစ်သောကြောင့် နေအိမ်သို့ပြန်နေသူအချို့ရှိနေပြီဟုသိရသည်၊၊

“ခုမြို့ထဲမှာက လျှပ်စစ်မီးလည်းမရဘူး၊ ရေအခက် အခဲလည်းရှိတယ်၊ ဖုန်းလိုင်းလည်းတစ်ချို့နေရာဆို မရသေးဘူး၊ ရိက္ခာဝယ်ယူဖို့ လည်းအလွယ်တကူမရတော့ဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုလည်းမရှိ ပြီးတော့ စက်သုံးဆီတွေလည်းမရှိတော့ အဆင်မပြေနေဘူး ပြန်နေရတာ” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်ရှိဆီဆိုင်မြို့တွင်းတွင် တိုက်ပွဲငြိမ်ပြီဖြစ်သော်လည်း နေ့စဥ်လက်နက်ကြီးသံ ကြားနေရသောကြောင့် ပြန်လာနေကြသူများသည် စိုးရိမ်ထိတ်လန့်သော စိတ်ဖြင့် နေနေရကြောင်း သိရသည်။

“မြို့ကသုံးပုံနှစ်ပုံလောက်မီးလောင်ပျက်စီးနေပြီ၊ နေအိမ်အများစုကမီးလောင်ခံရလို့ နေအိမ်ကျန်တဲ့သူတွေသာ ပြန်နေကြတာ၊ တစ်ချို့ကနေအိမ်ရှိသေးပေမဲ့ လက်နက်ကြီးကျရောက်ပျက်စီးနေတဲ့ အိမ်တွေ နေအိမ်မပြန်နိုင်သေးပါဘူး” ဟု၎င်းကဆက်ပြောသည်။

မြို့တွင်းနေရာတော်တော်များများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များလည်း ရှိနေကြောင်းသိရသည်၊၊

“မပေါက်ကွဲသေးတဲ့ဗုံးတွေလည်းအများကြီးရှိသေးတယ်၊ ဗုံးတွေက ဆေးရုံဘက်တို့ မြကန်သာရပ်ကွက်ဘက်တို့ပဲပေါတာ” ဟုဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးများက ပြည်သူများကို နေရပ်ပြန်လာနေရန် ခေါ်ဆောင်နေသော်လည်း မီးလောင်ပျက်စီးသွားသည့် နေအိမ်များအတွက် ပြန်လာနေနိုင်ရန် နေစရာနေရာဖန်တီးပေးစေလိုကြောင်း လျှပ်စစ်မီးရမှသာ ရေပေးဝေနိုင်မည် ဖြစ်သည့်အတွက် လျှပ်စစ်မီးလည်းတပ်ဆင်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုကြသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *