ခမ်းသားငေါဝ်း
မေ ၂ ၊ ၂၀၂၄

တိုက်ပွဲ ငြိမ်နေပြီဖြစ်သည့် ဆီဆိုင်မြို့တွင် ဒေသခံများအား စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့်နေရပ်ပြန်ရန်ခေါ်နေပြီး ပြည်သူအများစုက မပြန်ရဲသေးကြောင့် ဆီဆိုင်မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ပြန်လည်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သောကြောင့် ပြည်သူများမြို့ထဲပြန်လာနေရန် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးမှတဆင့် ပြန်ခေါ်နေကြောင်း သိရသည်။

“သူတို့ကတော့ ပြန်လာနေဖို့ခေါ်တာကြာပါပြီ ကျွန်မအနေနဲ့တော့ ပြန်မနေကြသေးတာပဲကောင်းပါတယ်၊ တစ်ချို့ဆိုမရဲတရဲနဲ့တော့ ပြန်နေကြပြီဆိုပေမဲ့ လေးငါးရက်နေပြီးပြန်ထွက်သွားကြတယ်၊ ပြီးမှပြန်လာနေကြတယ်၊ ပြန်လာမနေဘူးဆိုရင်လည်း သူခိုးကများတယ်။ ပြီးတော့လက်နက်ကြီးသံတွေလည်းကြားနေရတုန်းဆိုတော့ မပြန်ရဲကြသေးဘူး” ဟုဆီဆိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စိတ်ချလက်ချနှင့် ပြန်နေ၍ရပြီဖြစ်ကြောင်း အခြေနေမကောင်းမှ အကြောင်းကြားပေးမည်ဟုပြောဆိုထားသော ကြောင့် မြို့ထဲပြန်နေသည့်ပြည်သူအချို့သည် ပြေးရလွားရမည်ဆိုပါက အဆင်သင့်ဖြစ်ရန် ပစ္စည်းများအား အဆင်သင့်ကားပေါ်တင်ထားရကြောင်း သိရသည်။

“ဈေးတွေလည်းသူတို့ရှင်းပေးပြီးပြီ ဈေးလည်းပြန်ထားပေးပြီ ကြက်သားရောင်းတဲ့သူနဲ့ ဈေးသည်အချို့တွေလည်း ဈေးပြန်ရောင်းနေကြပြီ ဒါမဲ့မြို့ထဲမှာ စစ်ကောင်စီရော PNO တွေရော နေရာအနှံ့ရှိနေတော့ တော်လှန်ရေးအဖွဲ့ ရုတ်တရက်ထပ်လာတိုက်မှာ စိုးရိမ်စိတ်တွေတော့ရှိတာပေါ့” ဟု၎င်းကဆက်ပြောသည်။

ဆီဆိုင်မြို့သို့ ပြန်နေလိုသူများအနေဖြင့် အုပ်ချုပ်ရေးမှူး ရာအိမ်မှူးသို့အကြောင်းကြားရန်မှာထားခြင်းများရှိပြီး လက်ရှိပြန်နေကြသူများသည် လူလွတ်သမား၊ လူငယ်၊ လူရွယ် များသာပြန်နေကြပြီးစိုးရိမ်စိတ်ဖြင့်သာ နေနေကြရကြောင်း သိရသည်။

ဆီဆိုင်မြို့တွင်း အချို့နေရာတွင်သွားခြင်းမပြုရန် တားမြစ်ထားပြီး မိမိနေအိမ်ခြံဝင်းအတွင်းသို့ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများတွေ့ပါက လည်း တာဝန်ရှိသူများထံတိုင်ကြားနိုင်ပြီး ၎င်းတို့မှလာရောက်ဖယ်ရှားပေးမှုလည်းရှိကြောင်း သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *