ခမ်းသားငေါဝ်း
ဧပြီ ၃၀၊ ၂၀၂၄

စာရေးသူ- ခွန်ပေ

အရှေ့မျက်နှာ တစ်ပြင်လုံး မှန်တွေနဲ့ တည်ဆောက်ထားပြီး အပြာရောင် ဆေးသုတ်ထားတဲ့ ( ၃ ) ထပ်တိုက်ဘုန်းကြီးကျောင်းရဲ့အမိုးဟာ ပွင့်ထွက်နေကာ မြေပေါ်မှာမှန်စတွေ တစ်စစီပြန့်ကြဲ နေသလို သစ်နဲ့တည်ဆောက်ထားတဲ့ ပြတင်ပေါက်ဘောင်၊ အခင်းတွေလည်း ပျက်စီးလို့နေပါတယ်။ ဒါ့အပြင် ဘေးပတ်ဝန်းကျင်ရှိ သံဃနေဆောင်၊ ဆွမ်းသုံးဆောင်ကျောင်းဟာလည်း မီးလောင်လို့ ပြာသာသာ ဖြစ်နေပြီး ကျောင်းပရဝုဏ်အတွင်း အဆောက်အဦများ တစ်စစီဖြင့် ပျက်စီး နေတာပါ။

တစ်စစီ ပျက်စီးထိခိုက်သွားတဲ့ အဲဒီဘုန်းကြီးကျောင်းကတော့ ဆီဆိုင်မြို့ရှိဗုဒ္ဓဘာသာဝင် ပြည်သူ တွေရဲ့ ယုံကြည်ကိုးကွယ်ရာ ဇဝနာရာမ ဘုန်းကြီးကျောင်းပဲ ဖြစ်ပါတယ်။ ဆီဆိုင်မြို့သူမြို့သား၊ ပအိုဝ်းဒေသတစ်ခုလုံး ကိုးကွယ်ရာဖြစ်တဲ့ ဘုန်းကြီးကျောင်း ပျက်စီးရတာဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ တိုက်လေယာဉ်တို့နဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့်လို့ ဆိုရင် မမှားပါဘူး။

“ဇဝနာရာမကျောင်းမှာ တော်လှန်ရေးသမား မရှိပါဘူး ဖျက်ဆီးချင်လို့ကို ဖျက်ဆီးပြစ်တာ ဘာကြောင့် လုပ်တာလဲ ဆိုတဲ့ရည်ရွယ်ချက်က လုပ်တဲ့သူတွေပဲသိမှာပါ”လို့ ဆီဆိုင်မြို့ခံတစ်ဦးက နားကျည်းစိတ်၊ မကျေမနပ်ခံပြင်းတဲ့စိတ် တွေနဲ့ ပြောပြပါတယ်။

ရှမ်းပြည်နယ်တောင်‌ပိုင်း တိုက်ပွဲဟာ စစ်ကောင်စီက ပြည်သူအများစုယုံကြည်ကိုးကွယ်တဲ့ ဘာသာ ရေးအဆောက်အအုံတွေကို အရင်ဆုံးစစ်ရေးပစ်မှတ်ဖြ်နေတာကို တွေ့နေရတယ်လို့ ပအိုဝ်းဒေသ ခံတွေကပြောပါတယ်။

၂၀၂၄ ခုနှစ်ဇန်နဝါရီလ နောက်ဆုံးပတ်ကနေစပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အထင်ကရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေဖြစ်တဲ့ ဆီဆိုင်မြို့ လွယ်ထွယ်ရွာ ဘုန်းကြီးကျောင်း၊ ဆီဆိုင်မြို့ရှိ ဇဝနာရာမ ဘုန်ကြီးကျောင်း၊ မြို့လယ်ဓမ္မရုံနဲ့ ဟိုပုံးမြို့နယ်မှာ ပင်လျဲမ်း ဘုန်ကြီးကျောင်း၊ ပင်လောင်း မြို့နယ်ရှိ ပင်ပုံဘုန်းကြီးကျောင်းတွေ အပါအဝင် ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းလုံးကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သလို ဆီဆိုင်မြို့ရှိ ရိုမန်ကတ်သလစ် ဘုရားကျောင်း ၁ ကျောင်းလည်း ဖျက်ဆီးခဲ့ပါသေးတယ်။

ပအိုဝ်းလူငယ် အစည်းအရုံး PYO ကတာဝန်ရှိသူ မနန်းက “ဒီဘုန်းကြီးကျောင်း ပျက်စီးတဲ့ အခြေအနေအောက်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေက တခြားအုပ်စုတွေကို လက်ညှိးထိုးပြီး ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒဖြန့်နေတာတွေ့ရတယ်။ စစ်ကောင်စီက ပအိုဝ်းပြည်သူတွေ ကို ယုတ္တိကျကျ လိမ်ဖို့ အခြားနည်းလမ်း မရှိတော့လို့ အခုလို လူထုနာကျည်း စေမယ့်၊ ထိလွယ်ရှ လွယ်ဖြစ်တဲ့ အရာတွေကို ဖျက်ဆီးပြီးတော့ တဖက်လှည့် အနေနဲ့ ပြည်သူတွေယုံအောင်၊ အမြင်ဝေ ဝါးသွားပြီး အထင်အမြင်လွဲအောင် ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးပြပြီး ဝါဒဖြန့်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် လော်ဘီတစ်ဦးဖြစ်တဲ့ ခွန်ဆန်းအောင်ကတော့ ဘုန်းကြီးကျောင်းတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ လာရောက်တပ်စွဲ၊ အကာအကွယ်ယူတာ ကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လာတာ၊ လေကြောင်းနဲ့ တိုက်ခိုက်လာတာ ဖြစ်တယ် လို့ သူ့ရဲ့ ကိုယ်ပိုင် Page မှာ ဗီဒီယိုရုပ်သံနဲ့ ဝါဒဖြန့် တဖက်သတ်စွပ်စွဲပြောပါတယ်။ သူရဲ့ဗီဒီကို ကြည့်သူလည်း များသလို မြေပြင်အခြေအနေ မသိသူများစွာလည်း ယုံကြည်နေကြပါတယ်။

ဘုန်းကြီးကျောင်းပျက်စီးသွားတဲ့ လွယ်ထွယ်ရွာ ခံတစ်ဦးကလည်း” လွယ်ထွယ်ဘုန်ကြီးကျောင်းဆို လုံးဝပျက်စီးသွားတယ်။ ကျောင်းတောင် ဒီလောက်ကြေမွသွားတာ တော်လှန်ရေးသမား တွေသာ ရှိရင် အလောင်းတွေ ရွာသားတွေတွေ့မှာပေါ့ ခုက ဘယ်သူမှမတွေ့ဘူးလေ။” လို့ ပြောပါတယ်။

လုံခြုံရေးကြောင့် အမည်မဖေါ်လိုတဲ့ပအိုဝ်းသံဃာတော်တပါးက “အရင်ခေတ်စာသင်ကျောင်းတွေ သိပ်မရှိခင်ကတည်း ဘုန်းကြီးကျောင်းမှာပဲပညာသင်ကြားရတယ် ဆိုတော့ နိုင်ငံရေး အခြေအနေကို တခြားလူတွေထက် ဘုန်းကြီးတွေမှာနဲ့၊ ခရစ်ယာန်မှာဆိုလည်း သူတို့ခရစ်ယာန်ဘုန်းကြီးတွေ ပိုသိ နေတော့ ပြန်လည်ချပြမှာစိုးရိမ်နေကြတယ်။ မွတ်ဆလင်ဆိုလည်း သောကြာနေ့တိုင်း သူတို့ပလီမှာ စုဝေးပြီး ဘုရားရှိခိုးကြတယ် လူတွေစုဝေးတဲ့ နေရာမှာ နိုင်ငံရေးအကြောင်း ဆွေးနွေးမှာကြောက်လို့ အသိပညာတွေပေးမှာစိုးလို့ ဘာသာရေး အဆောက်အဦးတွေကို ဖြိုလိုက်ရင်သူတို့စစ်တပ် တိုက်တာထက် သာတယ်လို့ တွေးလို့ဖျက်ဆီးတာ။ ခုပအိုဝ်းဒေသက ဗုဒ္ဓဘာသာကျောင်းအပြင် ကရင်၊ ကရင်နီဘက်၊ ချင်း၊ ကချင်တွေဘက်လည်း ဘုန်းကြီးကျောင်းတွေ ဘုရားကျောင်း၊ ဗလီကျောင်း တွေလည်း ဖျက်ဆီးတာခံရတယ်”လို့မိန့်ပါတယ်။

အခုလို ဘုန်းတော်ကြီးကျောင်းတွေ ဘာသာရေး အဆောက်အဦတွေ ပစ်မှတ်ဖြစ်နေရတဲ့ အကြောင်း ရင်းနဲ့ပတ်သက်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဌ ခွန်မြင့်ထွန်းက”သူတို့အဓိက ဝါဒဖြန့်နေတာကတော့ ဘုန်းကြီးကျောင်းတွေကို ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက နေပြီး တော့မှ ဖျက်ဆီးတယ် ကျွန်တော်တို့ကိုလည်းပဲ သာသနာဖျက်တယ်ဆိုတဲ့ဟာမျိုးကို သူတို့ ဒါကို ဖြစ်စေချင်တယ်၊ လူထုနဲ့ကျွန်တော်တို့ ကြားမှာ သွေးခွဲရန်တိုက်ပေးနေတာပေါ့နော်။ သို့သော် လူထုတွေကလည်း တကယ်မယုံပါဘူး။ တကယ်လာပစ်နေတာက ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေ မဟုတ်ဘူး စစ်ကောင်စီက လေယာဥ်နဲ့ဗုံး လာကြဲတယ် ဆိုတာတွေကို ပြည်သူတွေ သိပြီး သားဖြစ်ပါတယ်” လို့ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ အချိန်တော်တော်ကြာကြာ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းနေတဲ့ ပအိုဝ်းဒေသဖြစ်တဲ့ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်မြို့တွေမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက် ကစပြီး လက်နက်ကြီးသံ၊ တိုက်လေယာဉ်သံ၊ သေနတ်သံတွေ ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အကြောင်းရင်းတော့ ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၂၁ ရက် မဲနယ်တောင်ဒေသ စံဖူးရွာမှာ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေး တပ်မတော် PNLA လက်နက်ယာဉ်တန်းကိုစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် တားဆီးရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၂၂ ရက်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးတဲ့ ဆီဆိုင်မြို့ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက် ခိုက်ရာ စစ်ရှောင် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၂၃ ရက်ကစပြီး ဆီဆိုင်မြို့မှာ မြို့သိမ်းတိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက် နေ့မှာတော့ PNLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဆီဆိုင်မြို့ ဌာနဆိုင်ရာရုံးနဲ့ ခမရ ၄၂၄ တပ်ကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။

အဲဒီနောက် မြေပြင်မှာ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက တစ်ဖက်လှည့်အနေနဲ့ ဘာသာရေး အဆောက်အဦးကို ဖျက်ဆီး ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးကို ကစားလာတယ်လို့ ပအိုဝ်း အမျိုးသားအရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

“ပြည်သူလူထူတွေရဲ့ အထွေထွေ ဗဟုသုတနည်းပါးတဲ့အပေါ်မှာ စစ်ကောင်စီက အခွင့်ကောင်း ယူပြီး ဘာသာရေးနဲ့ ခုတုံးလုပ်လာတာ တွေ့နေရတယ်။ နင်တို့လူမျိုးက တိုက်ပွဲဖော်ဆောင်လို့ ဘုန်ကြီးကျောင်း ပျက်စီးရတယ် ဆိုတဲ့ Mind-set မျိုး ရိုက်သွင်းတယ်ပေါ့နော်။ စစ်ကောင်စီက စစ်ရှုံးပြီဆို အဓိက လူမျိုးတစ်မျိုးရဲ့ ဘာသာရေး၊ ဓလေ့ထုံးတမ်း ဖျက်ဆီးခြင်းအားဖြင့် နိုင်ငံရေးကို ကစားတဲ့ဟာမျိုး လုပ်လာတယ်ပေါ့နော်။ အဲလိုချိန်မှာ ပြည်သူတော်တော်များများဟာ ဒါက စစ်ပွဲဖြစ်လို့ ဘုန်းကြီးကျောင်းတွေ ပျက်စီးရတယ် ဆိုတာမျိုးကို မှတ်ယူသွားတဲ့ဟာ မျိုးတွေရှိ တယ်။ အဲခါကျ ပြည်သူလူထုက ဒီတော်လှန်ရေး အင်အားစုအပေါ်မှာ မကျေနပ်တာ မျိုးတွေ ဖြစ်တယ်။ တစ်ချို့ဆို မတော်လှန်တော့နဲ့ ငြိမ်ငြိမ်လေး နေတော့ ပြောကြတယ်။ အဲလိုမျိုး ဆိုရင် ကျွန်မတို့သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ချင်တယ် ဆိုတဲ့အပေါ်မှာ အဟန့်အတားဖြစ်စေပြီး ပိုပြီးနှောင့်နှေးကြန့်ကြာစေတယ်။” လို့ပြောပါတယ်။

ဘုန်းကြီးကျောင်တွေ ဘာသာရေးအဆောက်အအုံတွေက ပအိုဝ်းပြည်သူတွေအတွက် စုပေါင်း အိမ်လည်းဖြစ်သလို၊ အန္တရာယ်တခုခုဖြစ်လာရင်လည်း အဓိက မှီခိုရာဖြစ်တယ်။ ပြီးရင် တစ်ခြား ဒေသက ဒေသခံတွေ စစ်ဘေးတွေတိမ်းရှောင်လာခဲ့ရင်လည်း အဓိကလက်ခံ စောင့်ရှောက် ပေးကြ တာကလည်း ဘုန်းကြီးကျောင်း အဆောက်အုံတွေ ဖြစ်နေပါတယ်။ ပအိုဝ်းလူမျိုးတွေ အများစုဟာ ကိုယ့်ရဲ့ ကြွယ်ဝမှုတွေကို ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ ပြသထားကြ ပါတယ်။

ဆိုက်ခေါင်ဒေသ ဇောတိကာရာမ ကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဆီဆိုင် တစ်မြို့နယ်လုံးဆိုင်ရာ ဇဝနာရာမ စာသင်တိုက် ဆရာတော် ဦးကောဝိဒ ထံ ကျောင်းတကာတွေက သင်္ကြန်တွင်း လာရောက် ကန်တော့ကြတဲ့အချိန်မှာ ဆရာတော်က ယခုလို မိန့်ကြားခဲ့ပါတယ်။

“ဘုန်းကြီးကျောင်းပျက်လည်း စိတ်ဓာတ်မကျပါနဲ့ ကျောင်းပျက်စီးလို့ စိတ်ဓာတ်ပါပျက်စီးရင် ပျက်စီးတာ နှစ်ခုဖြစ်သွားမယ် မဟုတ်ဘူးလား။ ဒါကိုနားလည်ကြပါ။ စိတ်ဓာတ်ကျရင် ဟိုလူ့ကို အထင်လွဲ ဒီလူကိုအထင်မှားနဲ့ အကုသိုလ်ဖြစ်စေတယ်။ သံသရာထိပါသွားနိုင်တယ်။ အဲတာကြောင့် ဘုရားက လူပြည့်လူရွာရောက်တုန်း လောကဓံတရား ၈ ပါး ကပ်ကြီးသုံးပါး ဆိုပြီးဟောထားတယ် ကပ်ကြီးသုံးပါးက ယခုလိုမျိုး လက်နက်ကပ်၊ကိုးဗစ်လိုမျိုး ရောဂါကပ်နဲ့ ငတ်ပြတ်ကပ် အဲကဒ်သုံး မျိုးကို တွေ့ကြုံနိုင်တယ်၊ တွေ့ကြုံတတ်တယ်၊ မကြုံသေးတဲ့လူလည်း တွေ့ကြုံနိုင်တယ် ဘုန်ကြီးတို့ လိုမျိုး ကြုံတွေ့ပြီးလည်းရှိတယ် ထုံးစံကအဲလိုရှိတယ်။ အဲတာကြောင့် ပျက်စီးသွားတဲ့ ကျောင်း လည်း သေချာပေါက်ပြန်လည်အောင်မြင်မှာပါ ဘာမှမပူနဲ့ ကျောင်းပျက်စီးလည်း စိတ်ဓာတ် မပျက်စီးဖို့လိုတယ်။ အိမ်ပျက်စီးလည်း စိတ်ဓာတ်မပျက်ဖို့ အဲလိုစိတ်ထားဖို့လိုတယ်။ စဉ်းစားကြည့် ဧရာဝတီတိုင်း နာကစ်ဖြစ်တုန်းက ညအိပ်ပျော်နေချိန် မိသားစုတွေ အိမ်တွေရေစီးမျှောသွားခဲ့ တယ်။ မိသားစုအလိုက် ရေထဲပါသွားတယ်။ ရေရုတ်တရက်စီးမျှောတော့ သားအမိတွေ စကားပြော ချင်တာတောင် ပြောလို့မရတော့ဘူး။ အဲလိုစဉ်းစားရင် ဘုန်းကြီးတို့ ခုပျက်စီးတာက ဘာမှမဟုတ် သေးဘူး”လို့ ဟောကြားမိန့်မှာပေးခဲ့ပါတယ်။

“ဆီဆိုင်ဆရာတော်ကြီး ဦးကောဝိဒကျောင်းဖြစ်တဲ့ ဇဝနာရာမကျောင်းတိုက်ကို တမင် ရည်ရွယ်ချက် ရှိရှိနဲ့ ညဘက်အချိန်မှာ သူတို့တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်၊ ဗုံးတွေနဲ့လာကြဲတယ် ဘုန်းကြီး ကျောင်းကို ဖျက်ဆီးပစ်ခဲ့တယ်၊ ဒီလိုဖျက်ဆီးဖို့အတွက်ကိုလည်းပဲ သူတို့စစ်ရေးဆိုင်ရာ အမိန့်ကြို တင်တောင်းခံမှုတွေ ဒီလိုမျိုးတွေ လုပ်ခဲ့တယ်ဆိုတာလည်း ကျွန်တော်တို့တွေ သတင်းတွေရ ထား တာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘုန်းကြီးကျောင်းတွေ တိုက်ခိုက်ဖျက်ဆီး တာတွေဟာ ဗုဒ္ဓသာသနာကိုကြည်ညိုတဲ့ ကျွန်တော်တို့ပအိုဝ်းတွေရဲ့ ရင်ထဲခံစားမှုတွေကို ထိထိခိုက်ခိုက် ဖြစ် အောင်လုပ်ပြီးတော့ ကျွန်တော်တို့နဲ့ ရန်တိုက်ပေးတာဖြစ်ပါတယ်၊ သို့သော် လူထုတွေကလည်း ဒီကိစ္စကို မယုံပါဘူး လူထုကအဖြစ်မှန်ကိုသိတာဖြစ်ပါတယ်။”လို့ PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

အလားတူဘဲ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းနဲ့ ဗုံးလာကြဲ၊တိုက်ခိုက်လာတာကြောင့် ရှမ်းတောင်နဲ့ထိစပ်နေတဲ့ ကရင်နီပြည်မှာလည် ဘာသာရေး အဆောက်အဦ ၄၉ လုံးပျက်စီးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန် ထားပြီး ချင်းပြည်နယ်မှာလည်း ဘာသာရေးအဆောက် အဦး ၁၀၇ လုံး ပျက်စီးခဲ့ရ တယ်လို့ ချင်းပြည် လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဘာသာရေးအဆောက်အအုံက ပအိုဝ်းပြည်သူလူထုတွေအတွက် ဘာသာရေးကိုးကွယ် ယုံကြည်မှု အရ ဆက်စပ်မှုတွေအပြင် တခြားသော အရေးအရာကိစ္စဖြစ်တဲ့ ပအိုဝ်းပြည်သူတွေ စည်းလုံးဖို့ အတွက် ဆုံစည်းရာ၊ စုဝေးရာ နေရာလို့ ပြောလို့ရသလို ပအိုဝ်းတွေရဲ့ အရေးကိစ္စ အကုန်လုံးနီးပါးက ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ ဒေသတခုနဲ့ တခုက လူတွေ ဆွေမျိုးတွေ အဓိက ဆုံဆည်းကြ၊ တွေ့ဆုံကြတဲ့ နေရာဖြစ်တဲ့ အပြင် အလှူအတန်း ရိုးရာဓလေ့တွေကို ကျင်းပတဲ့ နေရာလို့လည်း ပြောလို့ရပါတယ်။

“ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးလို့ပျက်စီးသွားတယ် ဒါပေမယ့် ပအိုဝ်းလူမျိုးတွေရဲ့ ရိုးရာယဥ်ကျေးမှု ဖြစ်တဲ့ ကျောင်းတက် အစဥ်အလာနဲ့ ဆရာကန်တော့တာတွေကိုတော့ ဖျက်ဆီးလို့မရဘူး။ သီတင်းကျွတ်တန်ဆောင်မုန်းမှာ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ကျောင်းတက်ပွဲ ရှိတယ်။ ပအိုဝ်းလူမျိုးတွေတွက် စည်းလုံးမှုလည်းဖြစ်စေသလို နောင်လာနောက်သားတွေ ဘာသာတရား အပေါ် ကိုင်းရှိုင်းဖို့ဆိုလည်း မမှားဘူး။ ခုလိုပျက်းစီးသွားပေမယ့် ပအိုဝ်းရိုးရာနဲ့ ဓလေ့ကတော့ ရှိနေအုံးမှာပါ” လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

#khamsarngor
#ဘာသာရေးအဆောက်အဦး
#ထိခိုက်ပျက်စီး
#သတင်းဆောင်းပါး

Leave a Reply

Your email address will not be published. Required fields are marked *