ခမ်းသားငေါဝ်း
ဧပြီ ၂၉၊၂၀၂၄

ထမ်းယမ် ထီတမ်(အပေါ်ရွာ)ကျေးရွာတို့အတွင်း PNO ပြည်သူ့စစ်တပ်ဖွဲ့များက ကျေးရွာအတွင်းနေထိုင်နေသည့်အပြင် ရွာသားများကိုလည်းခြိမ်းခြောက်ပြောဆိုနေကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထမ်းယမ် ပင်အွဥ်း ထီတမ်စသည့်ကျေးရွာအတွင်းကို PNO ပြည်သူ့စစ်တပ်ဖွဲ့က လာရောက်နေထိုင်ပြီး ရွာတွင်းရှိ ဒေသခံများကို မလေးမစားဆက်ဆံပြောဆိုသလို ရွာရှိယောက်ျားလေးများကိုလည်းခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းဆိုသည်။

“သူများအိမ်ထဲဝင်လည်း ဖိနပ်မချွတ်ဘူး အချို့သူများအိမ်မှာအိပ်လည်း မနက်နိုးရင် အိပ်ယာပြန်မခေါက်ပဲအဲ့တိုင်းပစ်ထားတာ နောက်ယောက်ျားလေးတွေဆို အေမင်းတို့ထွက်ပြေးရဲပြေးကြည့် မင်းတို့ကိုပစ်သတ်မယ်တဲ့ အဲ့လိုပြောတာ တအားရိုင်းစိုင်းတာ”ဟု အမည်မဖော်လိုသူရွာခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

တောင်ယာသွားလိုသည့်ရွာခံများကိုလည်း သွားခွင့်မပြုပဲ တောင်ယာသွားပါက တော်လှန်ရေးသမားအဖြစ်ပြောဆိုပြီး တောထဲမြင်တွေ့ပါက ပစ်သတ်မည်ဟုခြိမ်းခြောက်သလို ရွာခံများကိုကြမ်းကြမ်းတမ်းတမ်း ဆူဆဲအော်ငေါက်ပြောဆိုခဲ့ကြောင်း၎င်းကဆက်ပြောသည်။

ယခုလို PNOပြည်သူ့စစ်တပ်ဖွဲ့မှ ရွာသားများကို ခြိမ်းခြောက်ပြောဆိုခြင်း အထက်စီးဆန်ပြောဆိုဆက်ဆံခြင်း တောင်ယာသွားခွင့်မပေးခြင်းတို့ကြောင့်ရွာသားများ အခက်အခဲဖြစ်နေရကြောင်းဒေသခံပြောပြချက်အရသိရသည်။

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများအတွင်းတို့တွင် PNOပြည်သူ့စစ်တပ်ဖွဲ့မှ လာရောက်နေရယူခြင်းရှိနေသည့်အတွက် ကျေးရွာတွင်းတိုက်ပွဲဖြစ်ပွားခြင်း လက်နက်ကြီးဖြင့်ပစ်ချခြင်း လေကြောင်းဗုံးကြဲခြင်းနှင့် ကျေးရွာမီးရှို့ခြင်းစသည်ဖြစ်ပွားလာမည်ကိုစိုးရိမ်နေရကြောင်း​ဒေသခံကပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့၌လည်း စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထမ်းယမ်ဘုန်းတော်ကြီးကျောင်းပျက်စီးခဲ့ရသလို ကိုရင်၂ ပါးလည်းထိခိုက်ဒဏ်ရာရခဲ့သည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *