ခမ်းသားငေါဝ်း
ဧပြီ ၂၄၊ ၂၀၂၄

ရပ်စောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်တိုင်းလိုလို PNO ပြည်သူစစ် ကောက်ခံခြင်း ခံရသလို စစ်ကောင်စီမှလည်း စစ်ကောက်ခံခြင်း ခံနေရသည့်အတွက် အိမ်တိုင်းလိုလို စစ်ထဲဝင်နေရသည်ဟု ဒေသခံက ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် (ချို့ထီ)ဆတ်သေရွာ၊ (ဟမ်းဖြေင်း)မြေမဲရွာ၊ (ထီတဖြေ)ရေသပြေရွာ၊ ကောင်ထိုရွာ၊ မုဲင်းတွိုင်တမွူးရွာ၊ လုဲင်းလောင်းရွာရှိ အမျိုးသားများသည် အိမ်တိုင်းလိုလို စစ်ထဲဝင်ပြီး စစ်မှုထမ်းနေရကြောင်း သိရသည်။

“ဗမာစစ်သား(စစ်ကောင်စီ) တောင်းလည်းပေးရ ပအိုဝ်း(PNO) တောင်းလည်းပေးရ ဒီအတိုင်းဆိုရင် ပအိုဝ်းတွေအကုန်လုံးသေရလိမ့်မယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငဝ်းသို့ပြောသည်။

ထို ဒေသတွင် ယခင်က SSPP/SSA မှ ဆန်တောင်းခြင်းများရှိဖူးသော်လည်း လက်ရှိတွင် ငြိမ်နေကြောင်း၊ RCSS/SSA မှ မူးယစ်ဆေးစွဲသည်ဟု အကြောင်းပြကာ ဖမ်းဆီးသွားပြီး တပ်သားစုဆောင်းမှုများရှိခဲ့သလို ယခုရက်ပိုင်းအတွင်း ဆန်ကောက်ခံမှု ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

“ဟိုပုံးအရှေ့ဘက် လွယ်ဝိုးတုတ်စခန်းမှာ သွားစောင့်ရတယ်ပြောတယ် ပအိုဝ်းတွေကမခံနိုင်တော့ဘူး သင်တန်း ၂၀ ရက်တည်းနဲ့ ရှေ့တန်းတက်ရတာ ဘယ်လိုလုပ်ပြီး သူများကိုပစ်မလဲ” ဟု သူကဆက်ပြော သည်။

ရပ်စောက်မြို့နယ်ရှိ (ချို့ထီ)ဆတ်သေရွာ၊ (ဟမ်းဖြေင်း)မြေမဲရွာ၊ (ထီတဖြေ)ရေသပြေရွာ၊ ကောင်ထိုရွာ၊ မုဲင်းတွိုင်တမွူးရွာ၊ လုဲင်းလောင်းရွာရှိ ကျေးရွာများသည် PNO ၊စစ်ကောင်စီတပ်နှင့် SSPP/SSA ၊ RCSS/SSA ကြားတွင်တည်ရှိပြီး အဖွဲ့တိုင်းကို ကြောက်နေရသည့် အခြေအနေတွင် ရှိနေကြောင်းသိရသည်။

#ppv001

Leave a Reply

Your email address will not be published. Required fields are marked *