ခမ်းသားငေါဝ်း
ဧပြီ ၂၅၊၂၀၂၄

ဆီဆိုင်မြို့နယ် နောင်တဗင်ကျေးရွာတွင် စစ်မှုထမ်းဆင့်ခေါ်ရန် PNOပြည်သူ့စစ်က မဲနှိုက်စနစ်ပြုလုပ်သော်လည်းအများစုက ပေါက်မဲသာဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်တဗင်ကျေးရွာတွင် ဧပြီလ ၂၄ ရက်နေ့၌ PNOပြည် သူ့စစ်အဖွဲ့မှလာရောက်ပြီး စစ်မှုထမ်းရန် မဲစနစ်ဖြင့် ၁၇၀ မဲပြုလုပ်ရာ သုံးပုံတွင် နှစ်ပုံကျော်က ပေါက်မဲများဖြစ်နေကြောင်းဆိုသည်။

“မဲ ၁၇၀ ကို အကုန်ပေါက်အောင်လုပ်တာဗျ အများစုပေါက်တယ် ဥပမာ ၅ ယောက်နှိုက်ရင် ၃ ယောက် ၄ ယောက်ကပေါက်ပြီ”ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

ယင်းမဲနှိုက်ရာတွင် ထိုင်းသို့ထွက်သွားသည့်ရွာခံအချို့သည်လည်း မိသားစုများကကိုယ်စားနှိုက်ရပြီး မဲပေါက်ပါက စစ်မှုထမ်းရန် မပြန်မနေရ ပြန်လာရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းမဲပေါင်သူ အားလုံးကို အဖွဲ့ ၁၊ အဖွဲ့ ၂ စသည် အုပ်စုဖွဲ့ပြီး တစ်ဖွဲ့တစ်ဖွဲ့ကို ရှေ့တန်း ၁၅ ရက် ၁ လ စသဖြင့်အလှည့်ကျဆင့်ခေါ်ခဲ့ကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

နောင်တဗင်ကျေးရွာသည် ဆီဆိုင်မြို့နယ် လွယ်မော်တောင်ဒေသဘက်တွင်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိသော ကျေးရွာဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်သည် ရှမ်းတောင်ရှိ ဆီဆိုင်၊ ဟိုပုံး ၊ ပင်လောင်းမြို့နယ်ရှိ ပအိုဝ်းကျေးရွာများအပြင် တောင်ကြီးမြို့နယ်ရှိပအိုဝ်းကျေးရွာများအတွင်းလည်း အတင်းအဓမ္မလူခေါ်ခြင်း ဆက်ကြေးကောက်ခြင်းတို့ ပြုလုပ်နေကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *