ခမ်းသားငေါဝ်း
ဧပြီ ၂၅၊ ၂၀၂၄

စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦးသေဆုံးပြီး ကလေးငယ်အပါအဝင်(၉)ဦးထိခိုက်ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ထုတ်ပြန်ချက်အရသိရသည်။

ကရင်ပြည်နယ် လယ်ဒိုမြို့နယ်အတွင်း ဧပြီလ(၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦးသေဆုံးပြီး ၁၈ နှစ်အောက်ကလေး ၃ ဦးအပါအဝင် (၉)ဦးဒဏ်ရာရရှိခဲ့ကြောင်း ဧပြီလ(၂၄)ရက်နေ့တွင် KNU ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ Helicopterဖြင့် လာရောက်ကာ အော်လီဂန်းနှင့် ပစ်ခတ်ခြင်း စုစုပေါင်းလေကြောင်းဖြင့် (၆)ကြိမ်တိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် (၉) လုံး ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် စာသင် ကျောင်းတစ်လုံး၊ ဘုန်းကြီးကျောင်း(၁)လုံးနှင့် ပြည်သူပိုင် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဆိုထားသည်။

ဧပြီလ(၂၂)ရက်နေ့ နေ့လယ် ၁ နာရီ​ကျော်အချိန်တွင်လည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ -၂၆၄ တပ်ရင်းမှ ဟော်ဝစ်ဇာလက်နက်ကြီး (155)mmfဖြင့် (၇)လုံးပစ်ခတ်ခဲ့သောကြောင့် ဘုရားကြီးရွာနှင့် ဘောကထာကျေးရွာ ဘက်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဘောကထာကျေးရွာသို့ ဧပြီလ(၂၃)ရက် နံနက်(၉) နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်က Jet Fighterဖြင့်ဗုံးသီးတစ်လုံးပစ်ချခဲ့ပြီး အော်လီဂန်းဖြင့် (၂)ကြိမ်လာရောက်ပစ်ခတ်ခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *