ခမ်းသားငေါဝ်း
ဧပြီ ၂၃၊ ၂၀၂၄

မြဝတီမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား K.N.L.Aနှင့် ပူးပေါင်းတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဗိုလ်ကြီး(၁)ဦးအပါ (၆)ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားများအစည်းအရုံး(KNU) ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊ ကောကရိတ်မြို့မှ မြဝတီမြို့သို့ ဧပြီလ(၂၁)ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)ဦးဆောင်ပြီး PDFပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီမှဗိုလ်ကြီးတစ်ဦး၊ ဗိုလ်လေးတစ်ဦးအပါ (၆)ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းကြားဖြတ်တိုက်ခိုက်ရာမှ စစ်ကောင်စီသံချပ်ကာယာဥ်(၁)စီး၊ စက်သေနတ်တပ်ဆင်ထားသည့် စစ်သုံးယာဥ်(၂)စီး၊ ပွိုင့်ဖွိုက်(၁)လက်၊ လက်နက် ငယ်(၁၁)လက်နှင့် ခဲယမ်းမျိုးစုံသိမ်းဆည်းရမိကြောင်း ဆိုထားသည်။

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂) အောက်သို့ ထွက်ပြေးတိမ်းရှောင်ခိုအောင်းနေသည့် စစ်ကောင်စီ ခလရ-၂၇၅တပ်သားများအား ဧပြီလ (၂၀)ရက်နေ့တွင် K.N.L.A နှင့် ပူးပေါင်းတပ်မှသွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃၀)ဦးထက်မနည်းသေဆုံးပြီး (၃၀)ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယခုလက်ရှိတွင် စစ်ကောင်စီတပ်သည် မြဝတီမြို့အားပြန်လည်ရရှိရန် “အောင်ဇေယျ”အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖြင့် လူအင်အား၊ လက်နက်အင်အားအပြည့်ဖြင့် နေ့ညမပြတ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် နေ့စဥ်နှင့်အမျှ လက်နက်ကြီးများနှင့် လေယာဥ်တို့ကိုအသုံးပြုကာ ပြည်သူလူထုနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်ကြောင့် ပြည်သူလူထု အိုးအိမ်မြောက်များစွာပျက်စီးဆုံးရှုံးရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *