ခမ်းသားငေါဝ်း
ဧပြီ ၂၃၊၂၀၂၄

ရှမ်း- ကယားအစပ်ရှိ မိုးဗြဲမြို့အခြေစိုက်စစ်ကောင်စီတပ် ခလရ ၄၂၂ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုတပ်မှ ရဲဘော် ၂၅ ဦးကျဆုံးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီ၏ ၄၂၂ စခန်းကိုသိမ်းနိုင်ရန်ယနေ့အချိန်ထိ စစ်ဆင်ရေးပြုလုပ်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရခြေထောက်ဆုံးရှုံးရသည့်ရဲဘော်များလည်း ၁၅ ဦးဝန်းကျင်ရှိကြောင်းဆိုသည်။

“တော်လှန်ရေးတပ်ဖွဲ့တော့ ထိခိုက်ဆုံးရှုံးမှုရှိတာကအမှန်ပါပဲဗျ စစ်ဆင်ရေးကလည်းမပြီးပြတ်သေးတဲ့အတွက် အသေးစိတ်အချက်အလက်ကိုတော့အတိ အကျမသိရသေးဘူး” KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ပြောဆိုခွင့်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယင်းစခန်းသိမ်းစစ်ဆင်ရေး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှာလည်း ထိခိုက်ကျရှုံးမှုများနေကြောင်းသူကဆက်ပြောသည်။

မိုးဗြဲအခြေစိုက်ထားသည့် ၎င်းစခန်းကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးတပ်ပေါင်းစုမှ ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့မှစတင်၍ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဧပြီလ ၈ ရက်နေ့၌လည်း စခန်းသိမ်းတိုက်ပွဲတွင် ခလရ ၄၂၂ အားသိမ်းရန် တိုက်ပွဲပြင်းထန်ပြီး ၄၂၂စခန်း၏ အနီးရှိစစ်ကောင်စီယာယီစခန်းကုန်းများကိုသိမ်းပိုက်ခဲ့၍ စစ်ကောင်စီမှမြေပြင်အသာစီးမရတော့ပဲ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထို့အပြင် လက်ရှိမှာ ဖယ်ခုံနှင့် ပင်လောင်းအစွန်ဘက်တို့မှာ နှစ်ဘက်အပြန်အလှန်တိုက်ပွဲအနည်းငယ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က ဆောင်းပြောင်း တောင်မဲသင်း နောက်ဝိုးကျေးရွာတို့ဘက်တွင် စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *