ခမ်းသားငေါဝ်း
ဧပြီ ၂၃၊၂၀၂၄

ထိုင်းနိုင်ငံသို့ထွက်သွားသည့်လူငယ်အချို့ရှမ်းပြည်နယ် ခိုလမ်မြို့ အရောက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ပြီး တပ်သားသစ်အဖြစ်စုဆောင်းခေါ်ယူနေကြောင်း သိရသည်။

ဖမ်းဆီးခံရသည့်သူအချို့တွင် ပအိုဝ်းလူငယ်များလည်းပါဝင်နေပြီး ထိုင်းသို့မရောက်သွားဘဲ RCSS ၏ တပ်သားသစ်စုဆောင်းရာသို့ ရောက်ရှိသွားသည့်အတွက်မိသားစုများစိတ်ပူနေရကြောင်း သိရသည်။

“အရင်က စဖမ်းတုန်းက ရှမ်းလူမျိုးပဲဖမ်းဆီးခေါ်ဆောင်တယ် နောက်တော့ အခုက ပအိုဝ်းလည်းပါလာတော့အဆင်မပြေဘူး ဒါကိုပအိုဝ်းလူကြီးတွေဘာလို့မညှိနှိုင်းပေးတာလဲပေါ့နော်”ဟုအမည်မဖော်လိုသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

RCSS မှဖမ်းဆီးခေါ်ဆောင်ရာတွင် အသက်ပြည့်ပြီးဖြစ်သော လူငယ်လူရွယ် အမျိုးသားအပြင် အမျိုးသမီးပါဖမ်းဆီးခေါ်ဆောင်နေကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြဌာန်းပြီးနောက် RCSSကလည်း ရှမ်းပြည်တွင်နေထိုင်သည့် တိုင်းရင်းသားအားလုံးအသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားအရွယ်ရှိပြည်သူများ RCSS တပ်တွင် ၆ နှစ်စစ်မှုထမ်းဆောင်ရန်တာဝန် ရှိသည်ဟု ဖေဖော်ဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် လင်းခေးခရိုင်အတွင်း RCSS မှ တပ်သားသစ်များကို စစ်သင်တန်းပေးနေပြီး RCSS ဥက္ကဌ ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *