ခမ်းသားငေါဝ်း
ဧပြီ ၂၁၊၂၀၂၄

ဆီဆိုင်မြို့နယ် ကောင်ပန်းတင်ကျေးရွာအုပ်စုအ တွင်းတွင် PNOပြည်သူ့စစ်အဖွဲ့က ထိုင်းနိုင်ငံသို့ထွက်သွားသည့်ဒေသခံများထံကို အရစ်ကျဖြင့် ဆက်ကြေးသိန်းချီကောက်ခံနေကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဒေသအရှေ့ဘက်ရှိ ကောင်ပန်းတင်အုပ်စုအတွင်းထိုင်းသွားသည့်ရွာခံများကို စစ်ယူနီဖောင်းအတွက်ဟုဆိုပြီးဧပြီလ၂၃ရက်(တန်ခူးလပြည့်နေ့)မှစတင်၍ အရစ်ကျဖြင့် လစဥ်ကြေးထည့်ပေးနေရကြောင်းဆိုသည်။

“ထိုင်းသွားတဲ့သူကလည်းထည့်ရမယ်တဲ့ တစ်ယောက်ဆို ၅သိန်း အဲ့ဒါတစ်နှစ်စာပေါ့ တကယ်လို့လင်မယားနှစ်ယောက်စလုံးထိုင်းသွားရင် အမျိုးသမီးအတွက် ၂သိန်း၊အမျိုးသားက ၅သိန်း၊အိမ်ကရွာမှာရှိရင် အိမ်အတွက် ၁ သိန်းစုပေါင်း ၈ သိန်းပေါ့အဲ့လိုမျိုး တစ်လတစ်လပြည့်တိုင်း ၅ သောင်းထည့်ရမယ်”ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ထိုင်းမသွားဘဲပြည်တွင်း ရွာထဲရှိသည့်သူကို ယနေ့ဧပြီလ၂၁ရက်နေ့က မဲနှိုက်ရပြီးနာမည်ပါသည့်လူကို ကိုယ်တိုင်လည်းစစ်သားအဖြစ်လုပ်ရမည် ဖြစ်သလို ပိုက်ဆံ ၁ သိန်းကျပ်လည်းပေးဆောင်ရကြောင်း၎င်းကဆက်ပြောသည်။

ထိုင်းရောက်နေသည့် ကောင်ပန်းတင်အုပ်စုလူငယ်တစ်ဦးက”ခုကလစဥ်ထည့်ပေးရမယ်တဲ့ လပြည့်တိုင်းပေါ့ အဝေးရောက်ပိုက်ဆံရှာတာ သူတို့အတွက် ရှာပေးသလိုဖြစ်နေတယ် ကျွန်တော်တို့ထိုင်းရောက်လည်း အလုပ်မရှိ အလုပ်မရရင်ဘယ်လိုလုပ်မှာလဲ နောက် တစ်လမထည့်လိုက်ရရင်ဘယ်လိုဖြစ်သွားမလဲပေါ့ စိတ်ညစ်ပါတယ်ဗျာ”ဟုပြောသည်။

၎င်းကောင်ပန်းတင်ကျေးရွာအုပ်စုသည် ကျေးရွာပေါင်း ၁၃/၁၄ရွာရှိပြီး ထိုင်းထွက်သွားလူငယ် များနေသည့်အတွက် အကုန်လုံးထိုင်းသွားကုန်မည်ကိုစိုးရိမ်၍ ယခုလိုဆက်ကြေးကောက်ခြင်းဖြစ် ကြောင်း ဒေသခံပြောပြချက်အရသိရသည်။

ရှမ်းတောင်ရှိ ပအိုဝ်းဒေသ ပအိုဝ်းကျေးရွာအတွင်းတွင် PNOပြည်သူ့စစ်က လူခေါ်သင်တန်းပေးခြင်း ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး အတင်းဆက်ကြေးကောက်ခံခြင်းတို့ကြောင့် ဒေသခံများမှာ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *