ခမ်းသားငေါဝ်း
ဧပြီ ၁၈ ၊ ၂၀၂၄

ပင်လောင်းတောင်ဖက်ရှိကျေးရွာအချို့တွင် PNOပြည်သူ့စစ်ကဆက်ကြေးကောက်နေပြီး မပေးဆောင်နိုင်သူအချို့ခြိမ်းခြောက်ခံနေရကြောင်း ဒေသခံထံက သိရသည်။

ဆက်ကြေးကောက်ရာတွင် PNO ပြည်သူ့စစ်က ရွာသူကြီးမှတစ်ဆင့်ကောက်ခိုင်းကာ မပေးလျှင် အထက်လူကြီးတိုင်ပြီး လာရောက်ဖြေရှင်းခိုင်းမည်ဟုဆိုကာ ဆက်ကြေးအတွက်သတ်မှတ်ထားသည့်နှုန်းအတိုင်း မပေးမနေရဟုခြိမ်းခြောက်မှုရှိနေသည်။

“သူတို့ကောက်ရင်ကောက်တဲ့အတိုင်း တစ်သိန်းဆိုရင်လည်း တစ်သိန်း အဲလိုပေါ့ မပေးမနေရပေးရမယ်တဲ့ ကျွန်မတို့ဆိုမရှိဘူးလေ အရမ်းအခက်အခဲဖြစ်တယ် ကုန်စျေးနှုန်းတွေက စျေးကြီးရတဲ့ကြား အမျိုးမျိုးပဲ မပေးရင် ရွာသူကြီးတွေက အထက် လူကြီးကိုတိုင်မယ်ဘာညာ သူတို့အိမ်ထိလာဖြေရှင်းလိုက်မယ်တဲ့ အဲလိုပြောတာတွေလည်းရှိတယ် ကြောက်တော့လည်း မရှိလည်းရှာပြီးပေးရတာပေါ့ “ဟုအမည်မဖော်လိုသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပင်လောင်းဒေသတွင် PNO ပြည်သူ့စစ်အတွက်ဆိုပြီး ဆက်ကြေးအပြင် ဆန်၊ဆီ၊ထင်း အစရှိသည်ကိုလည်း ကောက်ခံမှုများပြုလုပ်နေကြောင်း သူကဆက်ပြောသည်။

ပအိုဝ်းဒေသအများစုတွင် PNOပြည်သူ့စစ်က စစ်အသုံးစရိတ်ဟုဆိုကာ ငွေများအတင်းအဓမ္မကောက်ခံမှုများပြုလုပ်လျက်ရှိနေသည့်အတွက် ပအရပ်သားရွာခံများ အခက်အခဲကြုံတွေ့နေရကြရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *