ခမ်းသားငေါဝ်း
ဧပြီ ၁၉၊ ၂၀၂၄

ဆီဆိုင်မြို့ ခြေမြန်တပ်ရင်း ခမရ ၄၂၃ တပ်မှ တပ်သားညီညီနိုင်သည် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန် ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူအမျိုးသမီးထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောထဲတစ်နေရာတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးအား ဧပြီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ပြုလုပ်ခဲ့ပြီး ထိုအမျိုးသမီးက ထွက်ပြေးလွှတ်မြှောက်ခဲ့သည်။

“သူညီမတို့တဲနားရောက်လာပြီး လူတွေအကုန်လုံးကိုမောင်းထုတ်တယ်။ပြီးတော့ ညီမကို သေနတ်နဲ့ချိန်ပြီး နင်ငါ့ကိုယူမလားမယူဘူးလားဆိုပြီးပြောတယ်။အဲတာနဲ့ညီမကမယူဘူးပြောတော့ သူက သေနတ်ကကျည်ဆံနဲ့ နဖူးနဲ့ဟိုးအနောက်ဖက် ဖြောင်သွားချင်လားလို့ပြောတယ်။ အဲတာနဲ့ညီမကကြောက်ကြောက်နဲ့ ဆရာက ဘာဖြစ်ချင်လဲမေးတော့ငါနင်နဲ့အိပ်ချင်တယ်ဆိုပြီးပြောတယ်။ အဲတာနဲ့ သူက ညီမကို တဲပေါ် အတင်းစွဲခေါ်သွားတယ်”ဟု ကိုယ်တိုင်ကြုံတွေရသူ အမျိုးသမီးကပြောသည်။

ထိုနောက် တဲပေါ်တွင် ဒဏ်ရာရရှိနေသော စစ်ဘေးရှောင်များရှိသဖြင့် ယင်းစစ်ဘေးရှောင်များကို မောင်းထုတ်နေစဉ် ဖီးနပ်ချွတ်ပြီး ဘေလွှတ်ရာ ထွက်ပြေးခဲ့ရကြောင်း၄င်းကဆက်ပြောသည်။

“တဲပေါ်က ခြေထောက်နာနေတဲ့အကိုတွေရှိတယ်။ အဲအကိုတွေကို နင်တို့သွားတော့ ငါသူနဲ့ အိပ်တော့မှာ ဆိုပြီး ပြောနေချိန် ညီမလည်း ဖိနပ်ချွတ်ပြီးပြေးတာ။ အဲည အဲနေရာနဲ့ဝေးတဲ့ တဲမှာ သွားအိပ်ခဲ့တယ် ။ခုဆို အဲနားကို ပြန်လို့မရဲသေးဘူး”ဟု ဆက်ပြောသည်။

ယင်း တပ်သားညီညီနိုင်သည် မူးယစ်ဆေးဝါးလည်း သုံးစွဲထားသူဖြစ်ကြောင်း သိရသည်။

ဆီဆိုင်စစ်ဘေးရှောင်အများစုသည် အမိုး၊အကာ မလုံခြုံသည့် တောတွင်းသာ အများစု နေနေရပြီး ယခုတွင်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သောကြောင့် ကျေးရွာထဲမပြန်နိုင်ကြသေးကြောင်းသိရသည်။

PPV005

You missed