ခမ်းသားငေါဝ်း
ဧပြီ ၁၁၊၂၀၂၄

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့အတွင်း စစ်ကောင်စီက အစဥ်အလာမပျက် မဟာသင်္ကြန်ပွဲကျင်းပနိုင်ရန် လုပ်ဆောင်ခြင်းသည် သက်သက်မဲ့ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း KNDF မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင်သုံးပုံ နှစ်ပုံကျော်သည် စစ်သလင်းစစ်မြေပြင်ဖြစ်နေသော်လည်း ယခုနှစ် သင်္ကြန်ကျင်းပရန် စစ်ကောင်စီက ရာထူးကြီးဝန်ထမ်းများကိုခေါ်ယူနေခြင်းသည် ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ၄င်းကဆိုသည်။

“လွိုင်ကော်က ၉၀ ရာခိုင်နှုန်းလောက်က စစ်မြေပြင်ဖြစ်နေတာ ကျန် ၁၀ ရာခိုင်နှုန်းလောက်မှာက မြို့အစွန်တွေမှာပြည်သူအချို့တော့ရှိတယ် ဒီတိုင်းရေဆော့ကစားတာနည်းနည်းရှိချင်ရှိမယ် ဒါမဲ့ စစ်ကောင်စီကနေပြီးတော့ ပွဲတော်ကျင်းပမယ်ဆိုတာက သက်သက်မဲ့ဝါဒဖြန့်တာလို့မြင်ပါတယ်”ဟု KNDFဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ ပြောဆိုခွင့်ရှိသူ တစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

လွိုင်ကော်မြို့တွင် သင်္ကြန်ပွဲကျင်းပနိုင်ရန် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က စစ်ကောင်စီလက်အောက် ခံအစိုးရအဖွဲ့ အစည်းအဝေးလုပ်ခဲ့ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ယခုလိုစစ်ကောင်စီမှ ကျင်းပမည့်သင်္ကြန်ပွဲတော်ကို မြို့ပေါ်နှင့်ရပ်ကွက်တို့တွင်ကျင်းပမည်မဟုတ်ကြောင်း ကျင်းပခဲ့လျှင် ဌာနဆိုင်ရာရုံးဝန်းနှင့် ဒကစရုံးဝိုင်းတွင်သာကျင်းပပြီး ဆိုင်ရာဝန်ထမ်းလောက်နှင့်သာကျင်းပလိမ့်မည်ဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

ပြီးခဲ့သည့် ယခင်နှစ်၌လည်း လွိုင်ကော်မြို့အတွင်း ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ပွဲတော်ကျင်းပနေစဥ် တော်လှန်ရေးအင်အားစုမှ ဒရုန်းဖြင့်ဗုံးကြဲ၍ သကြင်္န်မဏ္ဍုပ်ပျက်စီးခဲ့သလို ထိခိုက်မှုလည်းရှိခဲ့သည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *