ခမ်းသားငေါဝ်း
ဧပြီ ၁၁၊၂၀၂၄

နောင်သိမ်ရွာမှ စစ်ဘေးရှောင် လင်မယားနှစ်ဦး ရွာတွင်းပစ္စည်းပြန်ယူစဥ် စစ်ကောင်စီလက်အောက်ခံ PNO စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နမ်းတဘက်ချောင်းအုပ်စု နောင်သိမ်ရွာတွင် ဧပြီလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်က စစ်ရှောင်လင်မယားက ပစ္စည်းပြန်ယူစဥ် PNO စစ်ကြောင်းနှင့်တိုး၍ မယားဖြစ်သူ အသက် ၃၇ အရွယ် ဒေါ်မူပစ်သတ်ခံရသည်။

“စစ်ရှောင်ရင်း မနေ့ရောက်တော့ စစ်ရှောင်ရာကနေရွာပြန်မယ်ဆိုပြီးတော့မှ အပြန်မှာ PNO ပြည်သူ့စစ်နဲ့တိုးတော့ ပစ်သတ်ခံရတာ သူ့အမျိုးသားကတော့ လွတ်သွားတယ်”ဟု ဖြစ်စဥ်သိသူဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပစ်သတ်ခံရသည့် အမျိုးသမီး ဒေါ်မူသည် ပစ်သတ်ခံရပြီး ၃ နာရီအကြာမှသာ အလောင်းကိုပြန်ရရှိကြောင်းဆိုသည်။

ဧပြီလ ၈ ရက်နေ့၌ စစ်ကောင်စီတပ်က ဆီဆိုင်ဘက်မှ လက်နက်ကြီးနှင့် တင်းကားတို့ဖြင့် နောင်သိမ်ရွာကိုပစ်ခတ်သဖြင့် ရွာခံများကထွက်ပြေးတိမ်ရှောင်ရကြောင်းသိရသည်၊၊

ယခု ကိစ္စနှင့်ပတ်သက်၍ PNO/PNAပြည်သူ့စစ်၏ စစ်ဦးစီးချုပ်ဖြားခွန်မြင့်အောင်ကို ခမ်းသားငေါဝ်းအနေဖြင့် ဆက်သွယ်ဖို့ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။

ရှမ်းတောင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးများ တင်းကားများပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးကြဲမှုတို့ကြောင့် အပြစ်မဲ့အရပ်သားသေဆုံးရမှု ၆၀ နီးပါးရှိပြီးဖြစ်ကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *

You missed