ခမ်းသားငေါဝ်း
ဧပြီ ၆ ၊ ၂၀၂၄
အောင်ပန်းမြို့ တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာမှမီးလောင်ပြီး နေအိမ်(၃) လုံးမီးကူးစက်လောင်ကျွမ်းသွားကြောင်း အောင်ပန်းနားရေးကူညီမှုအသင်းထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ပြည်ကျော်ရပ်ကွက် view point (2) အောက်ဘက် သံလမ်းအနီး ဧပြီ ၅ ရက်နေ့တွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ထားခဲ့ရာ အနီးရှိသုံးထပ်သားပြားသို့ မီးကူးစက်သွားပြီး သွပ်မိုး၊ ပျဥ်ကာ အိမ် (၃) လုံးမီးလောင်သွားသည်။
” ရောက်တဲ့အချိန်မှာ မီးကတစ်ဝက်ကျော်လောင်နေပြီ၊ မီးအရှိန်ကလည်းတော်တော်ပြင်းတယ်။ သွပ်မိုး၊ပျဥ်ကာ အိမ်ဖြစ်တဲ့အပြင် ခြောက်သွေ့ရာသီလည်းဖြစ်နေတော့ ခြံဝင်းထဲအိမ် (၃) လုံးမီးလောင်ပျက်စီးသွားတယ်။ လူ၊ တိရိစ္ဆာန် တွေတော့ ထိခိုက်မှုမရှိဘူး” ဟု အောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ခြံဝန်းထဲတွင် အဆောက်အဦး ဆောက်ပြီးအိမ်ငှားထားနေကြပြီး အိမ်ငှားများကလည်းအကုန်လုံး အလုပ်သွားသည့်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
အောင်ပန်းနယ်မြေခံမီးသတ်ဦးစီးဌာနမှ မီးသတ်ကား (၂) စီး၊ ကလောမြို့မီးသတ်ဌာနမှ မီးသတ်ကား (၁) စီး၊ရေကား(၁) စီး၊ မီးသတ် တပ်ဖွဲ့ဝင် (၂၃)ဦး၊ အရန်မီးတပ်တပ်ဖွဲ့ဝင်(၁၀) ဦးနှင့် တာဝန်သိပြည်သူများ ဝိုင်းဝန်းကူညီပေးမှုဖြင့် ၁၂:၃၀ နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂:၃၅ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
PPV003