ခမ်းသားငေါဝ်း
ဧပြီ ၅၊ ၂၀၂၄

ထီရီးတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားသောကြောင့် ‌ဒေသခံများ ထပ်မံထွက်​ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု ထီရီးတောင်ဘက်တွင် ဧပြီလ (၄) ရက်နေ့၌ စစ်ကောင်စီတပ်၊ လက်အောက် ခံပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများထပ်မံတိမ်းရှောင်နေရသည်။

“တိုက်ပွဲက မနက်(၉)နာရီခွဲလောက်က စဖြစ်တာ၊ တနေကုန်ပဲ ခုချိန်ထိလက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ တိုက်ပွဲက နန်းတုတ်နဲ့ ညောင်လေးပင်ရွာကြားမှာဖြစ်တာ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဧပြီလ(၂) ရက်နှင့် (၃) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ထီရီးဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် တောင်ဘက်မှ တော်လှန်ရေးတပ်ဖွဲ့များ ချီတက်လာသောကြောင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ထီရီးဘက်ကလူတွေ တလောတုန်းကမှ တိုက်ပွဲငြိမ်လို့ (၃၀)ရာခိုင်နှုန်းလောက် ရွာပြန်နေနေကြပြီ၊ ဒီရက်တိုက်ပွဲထပ်ဖြစ်တော့ အကုန်ထပ်ပြေးနေကြပြီ၊ မနေ့ညဆိုလူတွေရှိသေးတယ် ဒီရက်တော့မရှိတော့ဘူး” ဟု၎င်းကဆက်ပြောသည်။

ဒေသခံလူထုများအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသောကြောင့် ယခုနှစ်အတွက် စားနပ်ရိက္ခာက လုံလောက်သည့်အနေအထားရှိသော်လည်း နောင်နှစ်အတွက် သီးနှံများမစိုက်ရပါက စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် လင်လမ်တောင်အုပ်စုထဲရှိဒေသခံများက စစ်တပ်ထဲမဝင်ချင်ကြသော်လည်း ပြည်သူ့စစ်ဘက်မှ အတင်းအဓမ္မဝင်ခိုင်းခြင်းနှင့် မိသားစုစားဝတ်နေရေးအဆင်မပြေသည့်လူများက ကြေးစားအငှါးခံပြီး လိုက်သွားနေကြရကြောင်း သိရသည်။

#PPV007

You missed