ခမ်းသားငေါဝ်း
ဧပြီ ၄၊ ၂၀၂၄

ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ အတွင်းရှိ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှုးအချို့ တာဝန်မှ နှုတ်ထွက် ရပ်ဆိုင်းလိုက်ကြောင်း JMC – Innlay ထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ ရှိ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အချို့တို့သည် တာဝန်မှနှုတ်ထွက်ရပ်ဆိုင်းလိုက်ပြီး စစ်ကောင်စီအပေါ်ပံ့ပိုးကူညီပေးနေ မှုများကို ရပ်တန့်လိုက်သည်။

“ဒီလိုမျိုး အချိန်မှီဆုံးဖြတ်ပြီး တာဝန်ကနေ ရပ်ဆိုင်းလိုက်တဲ့အတွက် ကျမတို့အနေနဲ့ ကျေးဇူးလည်းတင်တယ် ဂုဏ်လည်းဂုဏ်ယူပါတယ်”လို့(အင်းလေးဒေသ တရားမျှတမှုဖော်ဆောင်ရေး) JMC-Innlay ဒါရိုက်တာ မယုလှိုင်သင်းက ခမ်းသားငေါဝ်းကို ပြောသည်။

ထိုနေရာတွင် အခြားတစ်ယောက်တက်လာပြီး ပိုဆိုးသွားမည်ကို စိတ်ပူကြောင်း အုပ်ချုပ်ရေးမှူးများတာဝန်ကနေရပ်ဆိုင်းသည့် ဒေသတွင် ထွေအုပ်ကိုယ်တိုင်ဖိအားပေးလူစုခြင်း ငွေကြေးကောက်ခံခြင်း များရှိသည်ဟု ကြားသိရကြောင်း အဲ့ဒီအတွက် ဘယ်လိုရှေ့ဆက်သွားသင့်လည်းဆိုတာကို နည်းလမ်းရှာနေတဲ့အကြောင်း ၎င်း ကဆက်ပြောသည်။

လက်ရှိနေရာကနေမဖယ်ပဲ တာဝန်ယူနေဆဲ ဖြစ်သည့် အုပ်ချုပ်ရေးမှူးအဖွဲ့ကို အာဏာပါဝါသုံးပြီး ပြည်သူတွေကို အတင်းဖိအားမပေးရန်၊ လူငယ်တွေကို စစ်မှုထမ်းထဲဝင်အောင် ဖိအားပေးခြိမ်းခြောက်မှုများမလုပ်ရန် နှင့် ကိုယ့်ရပ်ရွာလူထုကို တတ်နိုင်သလောက် ကူညီစောင့်ရှောင့်ရန် JMC-Innlay အဖွဲ့ကပြောသည်။

အကယ်၍ အာဏာသုံးပြီး ပြည်သူတွေကိုဆက်လက်ဖိအားပေးခြိမ်းခြောက် အခွင့်အရေးချိုးဖောက်နေမည်ဆိုလျှင် တော်လှန်ရေးအင်အားစုများက လုပ်စရာရှိတာ ဆက်လုပ်သွားမည်ဟု JMC- Innlay မှထုတ်ပြန်ထားသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *