ခမ်းသားငေါဝ်း
ဧပြီ ၃၊၂၀၂၄
ဆီဆိုင်မြို့အတွင်း ပြည်သူများအနေဖြင့် ပစ္စည်းပြန်သယ်ရန် အချိန်တစ်ပတ်ခွင့်ပြုမည်ဟုစစ်ကောင်စီကပြောဆိုသည့်အတွက် ပြန်ကြသူများနေကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့အတွင်းသို့ပြန်ရန် စစ်ကောင်စီကခွင့်ပြုသည့်အတွက် ပြည်သူများ မိမိအိမ်ရှိပစ္စည်းပြန်သယ်ကြရာတွင် မြေမြုပ်မိုင်းများနင်းမိပြီး ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း ပြန်ယူရန်လိုအပ်သည့်ပစ္စည်းအား အရဲစွန်းပြီးပြန်ကြသူများရှိနေသည်။
“လိုင်းပေါ်မှာ သူများပြန်တာလည်းတွေ့တော့ ကိုယ်လည်းရရာပစ္စည်းပြန်သယ်ချင်တာပေါ့ အရင်ရက်က မိုင်းနင်းမိတဲ့သူတွေလည်းရှိတော့ စိုးရိမ်မှုလည်းဖြစ်တာပေါ့”ဟုဆီဆိုင်မြို့ခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ယခုရက်ပိုင်းတွင်ဆီဆိုင်သို့ ပစ္စည်းပြန်သယ်သူများနေပြီး အိမ်တိုင်းလိုလိုသူခိုးက တန်ဖိုးကြီးပစ္စည်းများခိုးယူပြီး ဖွထားကြောင်း သိရသည်၊၊
ဆီဆိုင်အခြေအနေသည် မပြန်သင့်သည့်အနေအထားဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားသလို စစ်ကောင်စီလည်းလှုပ်ရှားသည့်အတွက် တိုက်ပွဲလည်းအချိန်မရွေးဖြစ်ပွားနိုင်ကြောင်း PNLAပြောဆိုခွင့်ရှိသူကဆိုသည်။
“ပြည်သူများအနေဖြင့်မပြန်သင့်သေးဘူး မြို့တစ်ခုလုံးကစစ်ဇုန်ထဲကျရောက်နေတယ် စစ်ကောင်စီပစ်ချတဲ့ မပေါက်သေးတဲ့လက်နက်တွေလည်းရှိတယ် ပြည်သူထိခိုက်မှာကို ကျွန်တော်တို့မလိုလားပါဘူး”ဟုပြောဆိုခွင့်ရှိသူ ခွန်ရုဲင်းယံကပြောသည်။
ဆီဆိုင်မြို့ကို တော်လှန်ရေးအင်အားစုများအဝင် အထွက်ရှိသလို စစ်ကောင်စီတပ်ကလည်းအဝင်အထွက်ရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း PNFC ဥက္ကဋ္ဌဖြားခွန်မြင့်ထွန်းကလည်းပြောဆိုသည်။
ဆီဆိုင်မြို့အတွင်း တော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ပစ်ချသည့်မပေါက်ကွဲသေးသော လက်နက်ကြီးများ ဗုံးများနှင့်ထောင်ထားသည့်မြေမြုပ်မိုင်းများရှိနေသည်။
ထိုမပေါက်သေးသည့် လက်နက်အကြွင်းအကျန်တို့ကြောင့် ပစ္စည်းပြန်သယ်သည့်ပြည်သူအချို့ ထိခိုက်မည်ကိုစိုးရိမ်ကြသော်လည်း ပစ္စည်းသယ်ပြန်ကြသူကများနေဆဲဖြစ်သည်။
#PPV004