ခမ်းသားငေါဝ်း
မတ်လ ၃၀၊ ၂၀၂၄

ရေးသားသူ- ခွန်ပေ

“ကျွန်တော် ကြက်သွန်ဖြူ ရေဖြန်းနေချိန် လေယာဉ်လာတော့ အကာကွယ်ယူဖို့ သစ်ပင်ကြီးကြီးအောက်မှာ ပြေး ပုန်းခဲ့ပါတယ်။လေယာဉ်က ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ ဗုံးကြဲချလိုက်တယ်။ မြေတောင်တုန်တယ်။ မီးတောက်ပွင့်လာတာကိုလည်း ကျွန်တော်သေသေချာချာမြင်နေရတယ်”လို့ တုန်ရီတဲ့အသံနဲ့ အသက်ဘေးမှ လွှတ်မြှောက်ခဲ့ရတဲ့ ဖာဖြားဟန်က ပြောပြပါတယ်။ ဖာဖြားဟန်က အသက် ၆၀ နီးပါးရှိတဲ့ ဆီဆိုင်မြို့နေ့ ပြည်သူ တစ်ဦးပါ။

ဖာဖြားဟန်တို့ ဇနီးမောင်နှံဟာ ဆီဆိုင်မြို့တိုက်ပွဲဖြစ်တော့ အစပိုင်းက တောင်ကြီးမြို့နယ် တနေရာမှာ တိမ်းရှောင် ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် သားသမီးတို့နဲ့အတူ စိုက်ပျိုးရေးခြံရှိတဲ့ တောထဲကိုပဲ ပြန်လာပြီး ရှောင်ခဲ့ရ ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ကဆီဆိုင်မြို့မှာ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဖက်လေကြောင်း၊ လက်နက်ကြီးနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်လာတာကြောင့် ဖာဖြားဟန်တို့ရွာရှိ တစ်ရွာလုံး ဘေကင်းရာ ထွက်ပြေးခဲ့ရပါတယ်။

ထွက်ပြေးတဲ့အချိန်လည်း အရေးကြီးပစ္စည်း တစ်ချို့ကိုသာ ယူခဲ့ရပြီး၊ ကားတွေ ဆိုင်ကယ်တွေ မလုံလောက်တာ ကြောင့် သူအပေါ်ငါထိုင် ငါ့အပေါ်သူထိုင်နဲ့လေးလုံးထိုးကားပေါ် လူ ၄၀ နီးပါး ပြည့်သိပ်နေအောင် တိမ်းရှောင်သွား ခဲ့ရတယ်လို့ ဆိုပါတယ်။

“စစ်ရှောင်သွားမယ့် ကားပေါ်လည်းလူအပြည့်ပဲ။ ကိုယ့်ရွာကိုစွန့်ပြီး ဘေးလွှတ်ရာ ထွက်ပြေးခဲ့ပါတယ်။ ထွက်လာ တုန်း လမ်းပေါ်တစ်လျှောက်လည်း ဗမာစစ်သားတွေချည်းဘဲ။ စစ်ရှောင်တွေကိုလည်း အရမ်းစစ်မေးတယ်။ ဆီဆိုင်နဲ့ဆိုက်ခေါင်ကြားပဲဖြတ်တာကို ၄ နာရီနီးပါးကြာတယ်”လို့ ခက်ခက်ခဲခဲ ထွက်ပြေး လွှတ်မြှောက်လာခဲ့ပုံကို ဖာဖြားဟန်က ပြောပါတယ်။

ဆိုက်ခေါင်ကျော်သွားတော့ ဖာဖြားဟန်တို့မိသားစုလည်း ကက္ကူဘုရားရင်ပြင်ရှိ သစ်ပင်အောက်မှာ ခိုလှုံခဲ့ကြ ပါတယ်။ အလားတူပဲ ယင်းနေရာမှာ ထောင်နဲ့ချီတဲ့ ဆီဆိုင်မြို့က စစ်ရှောင်တွေလည်း တစ်နေ့တည်းမှာ တူတူ ရောက်လာကြပါတယ်။ စစ်ရှောင်လှုဦးရေများတာကြောင့် နေရာထိုင်ခင်း၊ မိုးကာတွေ မရှိသလို အစားအသောက် တွေလည်း ဗိုက်အဆာပြေရုံမျှသာ စားရတယ်လို့ဆိုပါတယ်။

“ထွက်လာတုန်းက ဘာမှမယူရပါဘူး။ ဒီမှာရောက်တော့ ထမင်းတစ်နပ် စားရဖို့အရမ်းခက်ခဲတယ်။ တန်းစီရ တယ်။ အလှူရှင်ရှိမှ စားရတယ်။ အလှူရှင်မရှိရင် တစ်ချို့ရက်ဆို ၂ နပ်ပဲစားရတယ်။ ၁ နပ်စားရတဲ့ရက်လည်းရှိ တယ်” လို့ ဖာဖြားဟန်က ပြောပြပါတယ်။

ဖာဖြားဟန်တို့မှာသမီးနှစ်ယောက်နဲ့ သားတစ်ယောက်ရှိပြီး မိသားစု စုစုပေါင်း ၅ ဦးရှိပါတယ်။ စစ်ရှောင်စခန်းမှာ ထမင်းစားရဖို့ တန်းစီတဲ့အချိန် မိသားစုတစ်ခုမှာ တစ်ယောက်တန်းစီပြီး မိသားစုငါးယောက်စာ ယူလို့မရပါဘူး။ လူတစ်ယောက်ကို တစ်ယောက်စာပဲ ယူလို့ရတာကြောင့် မိသားစုငါးယောက်စလုံး တန်းစီပြီး ထမင်းတွေ ယူရ တယ်လို့ဆိုပါတယ်။ ဖာဖြားဟန်တို့က ကက္ကူဘုရားရင်ပြင်ရှိ သစ်ပင်အောက်မှာပဲ ခိုလှုံရတာပါ။ ယင်းနေရာကို တစ်ပတ်ကျော်ပြီး ၁၀ ရက်အထိနေလာခဲ့ပါတယ်။

၁၀ ရက်မြောက်နေ့မှာ ကက္ကူဘုရားဂေါပကအဖွဲ့နဲ့ ဒေသတွင်းလူကြီး ၊အာဏာပိုင်တွေက ကက္ကူဘုရား ရင်ပြင်မှာ မနေဖို့ပြောင်းရွေ့ပေးဖို့ပြောလာခဲ့ပါတယ်။ နောက်တစ်နေ့ရောက်တော့ ဘုရားရင်ပြင်မှာ နေနေတဲ့ စစ်ရှောင် တွေဟာ ညောင်ရွှေ၊ တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ရပ်စောက်စတဲ့ ဒေသမှာ ဆွေမျိုးရှိသူ အသိရှိသူတွေက ထပ်မံ တိမ်းရှောင်သွားခဲ့ကြပါတယ်။ ဖာဖြားဟန်တို့မိသားစုကတော့ အသိမရှိတော့ ဘယ်ကိုသွားလို့ သွားရမှန်း လည်း မသိဘဲ ဖြစ်နေခဲ့ပါတယ်။

“ကိုယ်ကဆက်သွားရင်လဲ အသိကမရှိဘူး၊ စားဝတ်နေရေးက ဘယ်လိုဖြေရှင်းရမလဲ၊ အလှုရှင်ယော ကိုယ့်ကို လှူပါမလား ရှိပါ့မလားစသဖြင့် တွေးတယ်၊ အဲလိုစိုးရိမ်ချက်တွေကြောင့် ကိုယ့်ခြံရှိတဲ့တောထဲပဲ ပြန်သွား ခဲ့တယ်။ ကိုယ်ခြံမှာစိုက်ထားတဲ့ သီးနှံတစ်ချို့ရှိနေတာပဲ။ အဲဒီသီးနှံတွေနဲ့ဆို စားဝတ်နေရေးက သိပ်မပူရ လောက်တော့ ဘူး”ဆိုပြီး တောထဲကို ပြန်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ဖာဖြားဟန်က ပြောပါတယ်။

ပြန်သွားတဲ့အချိန်မှာ ကားဆရာတွေက ဆိုက်ခေါင်အထိပဲ လိုက်ပို့ပေးခဲ့ပြီး ဆိုက်ခေါင်ကနေ ဆီဆိုင်မြို့ အရှေ့ဖက် ရှိ ဖာဖြားဟန်တို့ခြံရှိရာကို သွားဖို့ ၄ နာရီလောက် လမ်းလျှောက်သွားရ ပါသေးတယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့မိသားစု လမ်းလျှောက်သွားတဲ့အချိန် လမ်းမှာ လက်နက်ကိုင် အဖွဲ့နဲ့တွေ့ပြီး ကိုယ့်ကိုနိပ်စက်မလား လူမသိ၊သူမသိဘဲ ပစ်သတ်ခံရမလား”ဆိုတဲ့အတွေးနဲ့ တောကိုပြန်သွားချိန်ပူပန်စိုးရိမ်မှုကို သူကပြောပြပါတယ်။

ဖာဖြားဟန်တို့ ခြံထဲမှာ ပဲစင်းငုံ ၊ကြက်သွန်ဖြူ၊ ဖရုံပင် စတာတွေ စိုက်ပျိုးထားတယ်လို့ ဆိုပါတယ်။ ဖားဟန်တို့ နည်းတူ တခြားသူတွေလည့် ကိုယ့်ခြံထဲမှာပဲ စစ်ဘေးတိမ်းရှောင်တဲ့မိသားစုတွေ ရှိကြပါတယ်။ ယင်းဖာဖြားဟန် တို့ရှောင်နေတဲ့ စိုက်ပျိုးခြံအနီးမှာ လက်နက်ကြီးကျတာ ရှိပေမယ့် စားရေးသောက်ရေးက သိပ်မပူရတော့ အဆင် ပြေပါတယ် လို့ဆိုပါတယ်။ ခြံထဲရှိတဲ့ ပဲစင်ငုံပြုတ်စားလိုက်၊ ဖရုံးသီးနဲ့ဆန် ရောချက်လိုက် ၊တောထဲ စားလို့ရတဲ့ အပင်၊အပွင့် တွေကိုလိုက်ခူးပြီး ချက်စားလိုက်ပဲ လုပ်တယ်လို့ပြောပါတယ်။

တစ်ခါတစ်လေ ပဲစင်းငုံကြား ဖာဖြားဟန်တို့နဲ့ သားသမီးတွေ ပေါင်းပင်ရှင်းတဲ့အချိန် ကြက်သွန်ကိုရေဖြန်းတဲ့ အချိန်မှာလေယာဉ်၊ ဒရုန်းတွေ မကြာခနလာတာကြောင့် မကြာခနလည်း အကာကွယ်ယူ ပြေးပုန်းရတယ် လို့ဆို ပါတယ်။ ထမင်းဟင်းချက်ချိန် လေယာဉ်လာတာကို အခက်ခဲဆုံးဖြစ်တယ်လို့သူကဆိုပါတယ်။

“ကိုယ်က ထမင်းချက်နေချိန်လေယာဉ်ဒရုန်းလာရင် မီးကိုချက်ချင်းငြိမ်းသတ်ပြီး ဘေးကင်းရာ ချောက်ထဲ သစ်ပင်ကြီးကြီးအောက် အကာကွယ်ယူရပါတယ်။ အဲလိုအချိန်ဆို သူတို့က ကိုယ့်မီးခိုးငွေကိုတွေ့ပြီး ဗုံးကြဲ ချမလား စိုးရိမ်စိတ် ကြောက်စိတ်တွေနဲ့နေရတယ်။ တစ်ချို့ရက်ဆို လေယာဉ်၊ ဒရုန်း တစ်နေကုန် လာတာကြောင့် ထမင်းတွေ ဟင်းတွေတောင်မချက်ရဲတဲ့နေ့လည်ရှိတယ်”လို့ ဖာဖြားဟန်က ပြောပါတယ်။

ယခုမတ်လအထိ ဆီဆိုင်မြို့မှာ စစ်ကောင်စီဖက်လည်း လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းနဲ့ နေ့စဉ်တိုက် ခိုက်တာကြောင့် နေအိမ်ပြန်ကြည့်တာတို့၊ ပစ္စည်းပြန်သယ်တာတို့ မပြုဖို့လည်း PNLA ကသတိပေးထားပါတယ်။

ဆီဆိုင်မြို့နယ် တိုက်ပွဲကြောင့် ယခုအိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၆၉၅၀၀ ရှိပြီး ညောင်ရွှေ၊ တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်းဖက်မှာ တိမ်းရှောင်ကြတဲ့အပြင် ဆီဆိုင်မြို့အရှေ့ဖက်၊ အနောက်ဖက် တောထဲရှောင်သူလည်း များစွာ ရှိတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYOက ထုတ်ပြန်ပါတယ်။

တောထဲရှောင်သူများဟာ အလှူရှင်လည်းမရှိတာကြောင့် ဖြစ်သလိုသာ စားရသလို ၊ဖျားရင်လည်း ကုသဖို့ ဆေးဝါးလည်း မရှိဘူးလို့ဆိုပါတယ်။ရေလည်းရှားပါးတာကြောင့်သန်ရှင်းမှုအားနည်းပြီးအရေးပြားယားယံတာ တွေလည်း ဖြစ်တယ်လို့ဖာဖြားဟန်ကပြောပါတယ်။

“အကူညီရရှိတဲ့ စစ်ရှောင်က အတော်နည်းပါးတယ်။ ဒီစစ်ဘေးရှောင်ရတဲ့ကိန်းဂဏန်းကို ကျွန်မတို့ ပြန်ကြည့် မယ်လို့ဆိုရင် အကူညီရရှိမှုက သုံးပုံတစ်ပုံသာ ရရှိကြတဲ့အနေအထားသွားတွေ့ရတယ်။ ဒါတောင်မှလုံလောက်တဲ့ အကူအညီ မရရှိတာကို ကျွန်မတို့သွားတွေ့ရတယ်”လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO မှတာဝန်ရှိသူ မနန်းက ပြောပါတယ်။

ယခုလို ဒုက္ခတွေကို မလိုချင်တော့တဲ့ ဖာဖြားဟန်ကတော့”တိုက်ပွဲတွေ မဖြစ်စေချင်တော့ဘူး။ တိုက်ပွဲအမြန်ပြီး စေချင်ပြီ။ ကိုယ်ရပ်ကိုယ့်ရွာမှာပဲ သားသမီးတွေနဲ့ အေးအေးဆေးဆေး လုပ်ကိုင်ပြီး ဘဝရဲ့ နေဝင်ချိန်ကို ဖြတ်သန်းချင်တယ်”လို့ ပြောပါတယ်။

ဖါဖြားဟန်တို့ရဲ့ နေအိမ်ကတော့ လေယာဉ်ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာတွေ မထိပေမယ့် နေအိမ်ထဲကပစ္စည်း တွေကတော့ အခိုးခံလိုက်ရပြီဖြစ်ပါတယ်။ နေအိမ်ပြန်လို့မရသေးတော့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေရဲ့ ရန်ကို ရင်ဆိုင်ကြုံတွေ့နေရအုံးမှာဖြစ်ပါတယ်။

ဖါဖြားဟန်တို့ မိသားစုလိုပဲ စစ်ပွဲရဲ့ ခါးသီးလှတဲ့ အတွေ့အကြုံနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ပြည်သူ။ အသက်ထွက်ပါသွားတဲ့ ပြည်သူ၊ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ရတဲ့ပြည်သူတွေ အများကြီးရှိနေတယ်လို့ သိရပါတယ်။

You missed