ခမ်းသားငေါဝ်း
မတ်၂၈၊ ၂၀၂၄

နမ်းတုတ်ကျေးရွာတွင် စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် ကားတစ်စီးထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွာအနီး မတ်လ(၂၇)ရက်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်တွင် စစ်ကောင်စီကတိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးများကြဲ ချခြင်းကြောင့် ပြည်သူပိုင်ကားတစ်စီးထိမှန်ပျက်စီးခဲ့သည်၊၊

“မနေ့ကရွာမြောက်ဘက်မှာ(၂)လုံးလာကြဲတယ်၊ ပြောင်းစက်လှေပေါ်တင်တဲ့စက်လှေဆိပ်မှာ၊ တခြား‌တော့မထိဘူး၊ အိမ်စီးကားတစ်စီးပဲထိတယ်၊ ညကျတော့လက်နက်ကြီးနဲ့ (၁၅)လုံးလောက် ထုတယ်” ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်‌ ဒေသခံများ ထွက်ပြေးတိမ်း‌‌ရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၊ ကုန်းသာရွာတွင်လည်း မတ်လ(၂၆)ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အရပ်သားနေအိမ် တစ်လုံးပျက်စီးခဲ့ရကြောင်း သိရသည်။

#PPV007