ခမ်းသားငေါဝ်း
မတ် ၂၆၊ ၂၀၂၄

ဆီဆိုင်မြို့ထဲသို့ ပစ္စည်းပြန်ယူသည့် ဒေသခံများထံ PNO ပြည်သူ့စစ်က လေလုံးထိုးကားတစ်စီး၊ဖုန်းနှင့် ပိုက်ဆံ ၄ သိန်းကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် မတ်လ ၂၃ ရက်နေ့က ပစ္စည်းပြန်ယူသည့် ဒေသခံများသည် ပစ္စည်းယူပြီး ပြန်ထွက်ချိန် ဆိုက်ခေါက်ကျေးရွာ အနောက်တောင်ဖက်၌ PNO ပြည်သူ့စစ်က စစ်ဆေးမှု ပြုလုပ်ပြီး ခြိမ်းခြောက်ငွေတောင်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကလူနှစ်ယောက်ဘဲ PNO က အကြီးပိုင်းအပါအဝင်အင်အား ၅၀ ခန့်ရှိတယ်။ ကျွန်တော်တို့ကိုစစ်ဆေးချိန် သေနတ်တွေနဲ့ချိန်တယ်။ ပြီးရင်ဖုန်းတွေကို စစ်ဆေးတယ်။ မင်းတို့ကားကိုသိမ်းပြီဆိုပြီးပြောတယ်။ ပါလာတဲ့ပိုက်ဆံ လေးသိန်းလည်းယူသွားတယ်။ ဖုန်းလည်းပြန်မပေးဘူး”ဟု ကိုယ်တိုင်ကြုံတွေ့ရသူက ခမ်းသားငေါဝ်းကို ပြောသည်။

ဖုန်း၊ပိုက်ဆံ၊ကားများသိမ်းယူပြီး လူကိုပြန်လွှတ်ကာ အမျိုးမျိုးလည်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

“နင်တို့ကို ပစ်သတ်လို့ရတယ်နော် ။မဟုတ်ရင် လက်နောက်ပြန်ကြိုးတုတ်ပြီး တဘက်ချောင်းထဲ ပစ်ချလို့ရတယ် “စသည့် အသက်အန္တရာယ်ခြိမ်းခြောက်မှုလည်း ပြုလုပ်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

ဆီဆိုင်ဒေသခံများသည် စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ စားရေးသောက်ရေးခက်ခဲခြင်းကြောင့် အသက်ရင်းပြီး နေအိမ်ရှိ ပစ္စည်းများကို ပြန်ယူကြကြောင်း သိရသည်။

ပစ္စည်းပြန်ယူသည့် လူငယ်၊လူကြီး၊ အမျိုးသား၊အမျိုးသမီး အပါအဝင် ဒေသခံ ၆၀ နီးပါးလည်း အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်းသိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *