ခမ်းသားငေါဝ်း
မတ် ၂၆၊ ၂၀၂၄

စစ်ရေးရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်ရန်ကြိုးပမ်းနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၏ထုတ်ပြန်ချက်အရသိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကစစ်ရေးရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် လူမျိုးရေး ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်လာအောင် ယခုရက်ပိုင်းအတွင်း ပိုမိုအားစိုက်ကြိုးပမ်းနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ကမတ်လ(၂၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် လူမျိုးရေးပဋိပက္ခများဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် မတ်လ(၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေ စိုက် စကခ(၁၅)မှ ကြိုးကိုင်ပြီး ပြည်သူလူထုများအား ဆန္ဒပြပွဲပြုလုပ်စေခဲ့ကြောင်း ဆိုထားသည်။

ရခိုင်ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်ထဲသို့ မကျသွားစေရန် နိုင်ငံရေးအသိ၊ သမိုင်းထဲမှ အတွေ့အကြုံ၊ သင်ခန်း စာများဖြင့် သတိထားနေထိုင်ကြရန်နှင့် စစ်ကောင်စီ ၏ လုပ်ရပ်များကိုလည်း သတိထားစောင့်ကြည့်ကြရန်အတွက် တိုက်တွန်းပြောဆိုထားသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ ရက္ခိုင်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ပြင်းထန်နေ သောကြောင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် မည်သည့်အဖွဲ့အစည်း၊ မည်သူကိုမဆို ရက္ခိုင်တပ်တော်ဘက်က စစ်ကောင်စီဘက်တော်သားအဖြစ်မှတ်ယူပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

ရခိုင်ဒေသအတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသည့်စစ်ကောင်စီတပ်စခန်းများကိုလည်း ထပ်မံသိမ်းပိုက်ရန်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း လက်ရှိသိမ်းပိုက်ရရှိထားသည့် မြို့ရွာများကိုလည်း အရက္ခပြည်သူ့‌တော်လှန်ရေးအစိုးရမှ တည်ငြိမ်ရေး၊ အုပ်ချုပ်ရေး၊ ‌ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် လူမှုကိစ္စအဝဝကိုလည်း အကောင်းဆုံးကြိုးစားဆောင်ရွက်သွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့သည် မြန်မာပြည်သူတစ်ရပ်လုံးလိုလားသည့် နိုင်ငံရေးမျှောမှန်းချက်များကို အမြဲတမ်းလေးစားထောက်ခံကာ မြန်မာပြည်တွင်းမှ တိုင်းရင်းသားညီကိုများးအား အကောင်းဆုံးမိတ်ဆွေအဖြစ် ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *