ခမ်းသားငေါဝ်း
မတ် ၂၂ ၊ ၂၀၂၄

ရှမ်းပြည်တောင်ပိုင်း အောင်ပန်း-တောင်ကြီးလမ်း သာမိုင်းခမ်းတံတားအကျော် နီလာရိုးမစက်သုံးဆီအရောင်းဆိုင်ရှေ့ အနီး ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးအပြင်းအထန်ဒါဏ်ရာရကာ တစ်ဦးသေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

မတ်လ ၂၁ ညနေ ၃ နာရီခန့်အချိန်တွင် နီလာရိုးမစက်သုံးဆီအရောင်းဆိုင်ရှေ့အနီးလမ်းမ ၌ (၆) ဘီးယာဉ်နှင့် light truck ယာဉ်တို့ မိုးအနည်းငယ်ရွာစဉ် စလစ် ဖြစ်ကာ ယာဉ် (၂) စီးတိုက်မိ၍ light truck ယာဉ်မောင်း ”ကိုကောင်းခန့်” မှာ ဒါဏ်ရာအပြင်းအထန်ရရှိပြီး light truck ယာဉ်ပေါ်ပါ ” မောင်ထွန်းမှာ” အခင်းဖြစ်ရာ၌ သေဆုံးသွားခဲ့သည်။

”ရောက်တော့ light truck ကားပေါ်ပါတဲ့တစ်ယောက်တော့သေသွားပြီ။ ယာဉ်မောင်းကတော့ ကားပေါ်ညှပ်နေတယ်၊ သတိတော့လစ် နေတယ်၊ အသက်ကငွေ့ငွေ့လေးကျန်နေသေးတော့ အောင်ပန်းဆေးရုံကိုပို့တယ်၊ အဲ့ကနေတဆင့် တောင်ကြီး စပ်စံထွန်းဆေးရုံကိုပို့လိုက်တယ်” ဟု အောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

(၆) ဘီးယာဉ်ပေါ်က ယာဉ်မောင်းကတော့ ပွန်းပဲ့ ဒါဏ်ရာရသွားပြီး မိုးရွာတဲ့အချိန်တွင် လမ်းစလစ်ဖြစ်ပြီး ယာဉ်တိုက်မှု မကြာခနဖြစ်​ခြင်းကြောင့် ယာဉ်မောင်းများ ဖြေးဖြေးမောင်းစေချင်ကြောင်း လမ်းပေါ်တွင် အင်ဂျင်ဝိုင်များဖိတ်ထားခြင်း ရှိတတ်သည့်အတွက် မိုးရွာသည့်အခါ စလစ် ဖြစ်ပြီး ယာဉ်မတော်တဆမှုဖြစ်သွားတတ်ကြောင်း ဆိုင်ကယ်များလည်း မတော်တဆမှု ခနခန ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မတ်လ ၂၀ ရက်နေ့တွင်လည်း တောင်ကြီး- အောင်ပန်း သွားလမ်း ”Good Brothers” company limited ရှေ့ အနီးလမ်းမ၌ ကားတစ်စီးအက်စီးဒင့်ဖြစ်၍ လမ်းမဘေးမြောင်းအတွင်းကျကာယာဉ်မောင်းတစ်ဦး ထိခိုက်ဒါဏ်ရာရသောကြောင့် အောင်ပန်းဆေးရုံအရေးပေါ်ငှာနသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

#PPV003

Leave a Reply

Your email address will not be published. Required fields are marked *