ခမ်းသားငေါဝ်း
မတ် ၂၃၊ ၂၀၂၄
ပင်လောင်း၊ နောင်တရားမြို့ပေါ်နှင့် ကျေးရွာဖက် စစ်ဘေးရှောင်စခန်းများတွင် PNO ပြည်သူ့စစ်က စစ်ရှောင်များထံ ငွေကောက်ခံသဖြင့် စစ်ရှောင်များအခက်ခဲ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ထံကသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ စစ်ရှောင်စခန်းများတွင် မတ်လ ၂၂ ရက်နေ့က စစ်ရှောင်အိမ်ထောင်စုတစ်စုကို PNO ပြည်သူ့စစ်က ငွေတစ်သိန်းကောက်ခံနေသည်၊၊
“စစ်ရှောင်ပါတယ်ဆိုမ ငွေကလာကောက်တယ်။အိမ်ထောင်စု တစ်စုကို တစ်သိန်းတဲ့ ။”ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် ကားပါလာသည့် စစ်ဘေးရှောင်များကိုလည်း ကားတစ်စီး အခွန် တစ်သိန်း ဆောင်ရကြောင်း၄င်းကဆက်ပြောသည်။
နောက်ထပ်စစ်ဘေးရှောင်တစ်ဦးကလည်း “ရွာသားတွေဆီလည်းကောက်တယ်။ စစ်ဘေးရှောင်တွေလည်းကောက်တယ်။ စစ်ဘေးရှောင်တစ်ချို့က အဆင်မပြေကြတော့ ပြန်သွားရတာရှိတယ်။ နေရာပြောင်းကြတာလည်းရှိတယ်။” ဟုပြောသည်၊၊
ကောက်ခံသည့်အတိုင်း မထည့်ပါက အစည်းဝေးခေါ်ပြီး အထက်လူကြီး ကိုယ်တိုင်လာရောက် တောင်းမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
ပင်လောင်းမြို့တောင်ဖက်တိုက်ပွဲကြောင့် ကျေးရွာ ၁၇ ရွာနှင့် အထက် ဒေသခံများ စစ်ဘေးရှောင်နေရပြီး စစ်ရှောင်စုစုပေါင်း ၂ သောင်းနီးပါးရှိကြောင်း သိရသည်။
#PPV005