ခမ်းသားငေါဝ်း
မတ် ၂၁၊ ၂၀၂၄

ရှမ်းတောင်တိုက်ပွဲ ဖြစ်ပွားသည့် ၅၆ ရက်အတွင်း စစ်ကောင်စီဘက် လေကြောင်းဖြင့် ၄၂၅ ကြိမ်တိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ကြိမ်၂၁၂၀ ကြိမ်တိုက်ခိုက်လာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားသည့် နေရာနှင့် တိုက်ပွဲ မဖြစ်ပွားသည့်နေရာပါ လေယာဥ်နှင့်ဗုံးကြဲခြင်း လက်နက်ကြီးနှင့် တိုက်ခိုက်ခြင်းကြောင့် အရပ်သားလည်း ၄၉ ဦး သေဆုံးရပြီး ၆၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

“စစ်ကောင်စီ တပ်သားကျရှုံးမှုများတဲ့အခြေအနေ၊ နယ်မြေကို လက်လွှတ်ဆုံးရှုံးရတဲ့အခြေအနေ၊ တော်လှန်ရေးအုပ်စု တည်ရှိနေတဲ့ ယူဆချက်နဲ့ လူအင်းအားနည်းတဲ့ အခြေအနေမျိုး မှာ စစ်ကောင်စီက လက်နက်ကြီးထိုးစစ်ဆင်းမှု၊ လေကြောင်းထိုးစစ်ဆင်မှု ပိုလုပ်ကြတာကို တွေ့ရပါတယ်”ဟု ပအိုဝ်းလူငယ် အစည်းအရုံး PYO မှာတာဝန်ရှိသူ မနန်းက ခမ်းသားငေါဝ်းကိုပြောသည်။

ထို့အပြင် လေကြောင်း ၊လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၄၀၄ ခု ၊ဘာသာရေးအဆောက်အဦး ၁၈ ခု၊စာသင်ကျောင်း ၄ ခု၊ လမ်းတံတား ၁ ခု၊စျေး ၁ ခု၊ဆေးရုံဆေးခန်း၂ ခုတို့လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆီဆိုင်ဒေသခံတစ်ဦးကလည်း”လေယာဉ်ဒဏ်ကို ဘဝပျက်ရတဲ့အထိ ခံလိုက်ရတော့ လေယာဉ်သံကြားရင်တောင် အသဲတွေ တဆတ်ဆတ်နာကျင်ရတယ်”လို့ ပြောသည်။

ယင်းတိုက်ပွဲများကြောင့် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်တို့တွင် နေအိမ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းကျော် ၁၀၁၈၀၀ ဦး ရှိလာပြီဖြစ်ကြောင်း PYO ထုတ်ပြန်ချက်အရသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *