ခမ်းသားငေါဝ်း
မတ် ၂၀၊၂၀၂၄

ယခုနှစ် ၇၅ နှစ်ပြည့်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့ကို အစဉ်အလာမပျက်စေရန်နှင့် အမျိုးသားနေ့ကို အမှတ်ရစေရန် တောင်ကြီးမြို့တွင် အကျဉ်းခြုံးဖြင့် ကျင်းပမည်ဟု ပအိုဝ်းစာ/ယဉ်ဗဟိုဥက္ကဋ္ဌထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး(ဒဲဉ်သီးဗွေ)ကွင်းတွင် လာမည့် မတ်လ ၂၄ ရက်နေ့ တပေါင်းလပြည့်နေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းတစ်မျိုးသားလုံးညီညွတ်ရန် ကျင်းပသွားမည်။

“ပြည်သူတွေ အခက်ခဲကြုံနေချိန်မှာ ကျွန်တော်တို့က ပျော်ပွဲ ရွင်ပွဲကျင်းပတာမဟုတ်ဘူး၊ ပအိုဝ်းတွေစည်းလုံးညီညွတ်ဖို့ ကိုယ့်အမျိုးသားနေ့ကိုအမှတ်ရစေဖို့အတွက် အကောင်းဆုံးဖြစ်အောင်ကျင်းပသွားမှာ ဖြစ်ပါတယ်”ဟုပအိုဝ်းစာ/ယဉ် ဥက္ကဋ္ဌဖြားခွန်ဝင်းကိုက ခမ်းသားငေါဝ်း ကိုပြောသည်။

ခေတ်အခြေအနေနှင့် နိုင်ငံရေးအရတို့ကြောင့် ပဒေသာပင် လှည့်လည်ခြင်းကိုမြို့တွင်မလုပ်ဘဲ တပေါင်းကွင်းမှာသာပြုလုပ်ပြီး တရားနာရေစက်ချမည်ဟုသိရသည်။

ရည်ရွယ်ချက်အများထဲက ပအိုဝ်းဒေသတွင်း ပဋိပက္ခဖြစ်ပွားနေပြီး ပြည်သူများ ပူပင်သောကရောက်နေရသည်ကို တဘက်တလမ်း စိတ်အေးချမ်းမှုရရန် အပံ့အပိုးတစ်ခုဖြစ်ရန် ကျင်းပရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ပအိုဝ်းလူမျိုးအဆက်ဆက်မှ ဘိုးဘွားစဉ်ဆက် ကြိုးစားကျင်းပလာသည့် အစဉ်အလာကိုထိန်းသိမ်းရန်၊ ရသည့်နည်း ရသည့်နေရာ ကျင်းပရခြင်းသာဖြစ်ကြောင်းလည်းဆိုသည်။

ပအိုဝ်းအမျိုးသားနေ့တပေါင်းလပြည့်နေ့မတိုင်ခင်တွင် နှစ်စဉ်အားကစားဖြစ်သည့် ဘောလုံးပြိုင်ပွဲကိုယခင်၌ လချီထားရှိခဲ့သော်လည်း ယခုနှစ်မှာ ရက်တိုကာလဖြင့်သာထားရှိကြောင်းသိရသည်။

ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့် ဒေသအသီးသီးတို့မှာကျင်းပပြုလုပ်လေ့ရှိသလို ပြည်ပသို့ရောက်သွားသည့် ပအိုဝ်းလူငယ်မောင်မယ်တို့မှာလည်း အမျိုးသားချစ်စိတ်ရှိရန်၊ အမျိုးသားများစည်းလုံးညီညွတ်ရန် ရည်ရွယ်ပြီးကျင်းပကြသည်။

ယင်းအမျိုးသားနေ့ကို သုဝဏ္ဏဘူမိသထုံပြည့်ရှင် သူရိယစန္ဒာဘုရင်မင်းမြတ်၏ မွေးဖွားရာ တပေါင်းလပြည့်နေ့ကို အစွဲပြုပြီး ၁၉၄၉ ခုနှစ်က စတင်ကျင်းပလာခြင်းဖြစ်ကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *