ခမ်းသားငေါဝ်း
မတ် ၂၀၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် သူတစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ပအိုဝ်း လူငယ်အစည်းအရုံး PYO ထံမှ သိရသည်။

စစ်ရှောင်များသည် ပင်လောင်းဒေသခံ ၁၇၀၀၀ ကျော်၊ဆီဆိုင်ဒေသခံ ၆၆၀၀၀ နီးပါးနှင့် ဟိုပုံးဒေသခံ ၁၈၀၀၀ ဦးတို့ ဖြစ်ပြီး ဘေးကင်းရာထင်သည့် တောတောင်ထဲနှင့် တိုက်ပွဲမဖြစ်ပွားရာမြို့ရွာ တို့တွင်ရှောင်ကြကြောင်း သိရသည်။

“အကူညီရရှိတဲ့ စစ်ရှောင်က အတော်နည်းပါးတယ်။ ဒီစစ်ဘေးရှောင်ရတဲ့ကိန်းဂဏန်းကို ကျွန်မတို့ ပြန်ကြည့်မယ်လို့ဆိုရင် အကူညီရရှိမှုက သုံးပုံတစ်ပုံသာ ရရှိကြတဲ့အနေအထားသွားတွေ့ရတယ်။ ဒါတောင်မှလုံလောက်တဲ့အကူအညီ မရရှိတာကို ကျွန်မတို့သွားတွေ့ရတယ်”ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYOမှတာဝန်ရှိသူ မနန်းက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ရှောင်ကာလ နှစ်လကြာပြီးသောအခါ စစ်ရှောင်များလည်း လိုအပ်မှုပိုများလာသလို အလှူရှင်လည်း နည်းလာကြောင်း သိရသည်။

“သူတို့ကနေရပ် နေအိမ်ပြန်နေဖို့လည်း မဖြစ်နိုင်သေးတဲ့ အနေအထားရှိတယ်။ အဲကြောင့်သူတို့ဘာစဉ်းစာလဲဆိုတော့ တောထဲခြံထဲမှာတဲထိုးပြီးနေမယ်လို့ စဉ်းစားလာကြတာတွေ့ရတယ်။ အဲတာကြောင့် သူတို့အတွက် တဲဆောက်နိုင်ဖို့ မိုးကာ၊ ဝါး၊ သစ်တွေ လိုအပ်နေတယ်”ဟု ၄င်းကဆက်ပြောသည်။

တောထဲ စစ်ဘေးရှောင်ရသည့် ဆီဆိုင်ဒေသခံအများစုသည် ရေရှားပါးမှုဒဏ်လည်း ကြုံတွေ့နေရကြောင်းသိရသည်။

ရှမ်းတောင်တိုက်ပွဲ ၅၆ ရက်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၄၂၅ ကြိမ်ရှိပြီး၊ လက်နက်ကြီးပစ်ခတ်မှု ၂၁၂၀ ကြိမ်နှင့်အထက်ရှိကာ ယင်းတိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးသူ ၄၉ ဦးသေဆုံးပြီး၊ ၆၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း PYO ကထုတ်ပြန်ထားသည်။

အရပ်သား နေအိမ်အဆောက်အဦး ၄၀၄ လုံးနှင့် ဘာသာရေးအဆောက်အဦး ၁၈ ခု ၊စျေး ၁ ခု၊လမ်းတံတား ၁ ခုနှင့် စာသင်ကျောင်း ၆ ကျောင်းလည်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း PYO ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *