ခမ်းသားငေါဝ်း
မတ် ၁၉၊၂၀၂၄

ကွတ်ခိုင်တွင် လမ်းပြုလုပ်ရင်း မိုင်းနင်းမိ၍ ၆ ဦးဒဏ်ရာရခဲ့ပြီး ခြေထောက်ဖြတ်ခဲ့သည့် အသက် ၅၃ အရွယ် ဦးစိုးဝင်းက သွေးထွက်လွန်ပြီး သေဆုံးရကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် တိုးဂိတ်အကျော် ခရစ်ယာန်သုဿာန်အနီးတွင် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့နံနက်ပိုင်းက လမ်းပြုလုပ်ရန်သွားစဉ် မိုင်းနင်းမိပြီး ၆ ဦးဒဏ်ရာရခဲ့သည်။

“အဲ့နားထိမိုင်းရှိမယ်လည်း ကြိုမသိဘူးလေ အဲ့ဒါကိုသူတို့က လမ်းပြုလုပ်နေသူတွေ နင်းမိတော့ပေါက်ကွဲတာကနေ ဒဏ်ရာပြင်းထန်ကြတယ်လို့ကြားတယ် နောက်ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသနေတယ်”ဟုကွတ်ခိုင်မြို့ခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မိုင်းနင်းမိပြီးသေဆုံးသွားသည့် ဦးစိုးဝင်းသည် ယမမတ်လ ၁၈ ရက်နေ့နံနက်၌ ခွဲစိတ်ခန်းဝင်ပြီးနောက် သေဆုံးသွားခဲ့ရကြောင်း၎င်းကဆိုသည်။

ကွတ်ခိုင်မြို့နယ်အနီးနားရှိ ကျေးရွာများတွင် မြေမြုပ်မိုင်းနှင့် လက်နက်အကြွင်းအကျန်တို့ကြောင့် တစ်ပတ်အတွင်း ထိခိုက်ဒဏ်ရာရသူ ၇ ဦးထိရှိပြီး တစ်ဦးသေဆုံးခဲ့ရသည်။

ထို့အပြင်ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကာလနောက်ပိုင်း ဇန်နဝါရီလမှ ယခုမတ်လ ၁၇ ရက်နေ့အထိ မြေမြုပ်မိုင်းနှင့် လက်နက်အကြွင်းအကျန်တို့ကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူအပါ လူဦးရေ ၃၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနဖော်ပြချက်အရ သိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *