ခမ်းသားငေါဝ်း
မတ်လ ၁၈၊ ၂၀၂၄

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၇) ၏ မျက်နှာစုံညီအစည်းအဝေးတွင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း(၇) ဖွဲ့၏မဟာမိတ်အဖွဲ့အဖြင့် ဖွဲ့စည်းလိုက်သည်ဟု( 7 NCA-S EAO Summit) မျက်နှာစုံညီအစည်းအဝေးမှ ယနေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။

အစည်းအဝေးထုတ်ပြန်ချက်တွင် PNLO ကအဖွဲ့ဝင်ဟုထည့်ထားခြင်းသည် PNLO သဘောထားမပါ ကြောင်း PNLO ဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန်ကပြောသည်။

“ဒီကနေ့အစည်းအဝေးက ကျွန်တော်တို့ ဗဟိုကော်မတီဆုံးဖြတ်ချက်အနေနဲ့ သွားတာမဟုတ်တဲ့အတွက် PNLO ရဲ့သဘောထားမဟုတ်ဘူး၊ ဒီအစည်းဝေးမှာတော့ ဖြားတန်ခွန်ဥက္ကာ ဦးဆောင် တက်ရောက်တာဖြစ်လို့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအနေနဲ့ပဲ သူသွားတာဖြစ်တယ်” ဟုပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန် က ခမ်းသားငေါဝ်းကိုပြောသည်။

ထို့အပြင် ပအိုဝ်းဒေသတွင်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုကာ ဗုံးအလုံးပေါင်း ထောင်ချီကြဲချသလို၊ လက်နက်ကြီးအလုံးပေါင်းထောင်ချီပစ်ခတ်တိုက်ခိုက်သည့်တွက် PNLO အနေနှင့် NCA လမ်းကြောင်းနှင့်သွားရန် ခက်ခဲကြောင်း ၎င်းကဆိုသည်။

‘’NCA နေနဲ့တော့ ကျွန်တော်တို့ ဆက်သွားဖို့ခက်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့တစ်လကျော်ကတည်းက ပအိုဝ်းဒေသမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ပြီးတော့ ဆီဆိုင်မြို့မှာ ပြာပုံသာသာ ပဲရှိတော့တယ်၊ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိတယ်၊ စစ်ဒဏ်ကြောင့် လူဦးရေ သိန်းနဲ့ချီ ဒုက္ခရောက် ရတယ် ဒီအနေအထားအရ NCA လမ်းကြောင်းသွားဖို့ကခက်ပါတယ်။” ဟု ဗိုလ်ချုပ်ခွန်သူရိန်က ဆက်ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲသည် ဖိနှိပ်မှုမှတဆင့် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး၊ တော်လှန်သည့်သူကို မတော်လှန်ရဲရန်၊ မီးလောင်ဗုံးဖြင့် နေအိမ်ဖျက်ဆီး၊ ဘာသာရေးအဆောက်ဦးများဖျက်ဆီး စစ်ကောင်စီက ပြည်သူလူထုကို အကြောက်တရားဖြင့်ခြိမ်းခြောက် ထိုသို့လုပ်ဆောင်ပြီး တရားမျှတမှုမရှိသမျှကာလပတ်လုံး တော်လှန်မှုကလည်း ပျောက်ဆုံးမှာမဟုတ်ဘူးဟု ၎င်းကဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်း(၇) ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ ၁၇ ၊ ၁၈ နှစ်ရက်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းပအိုဝ်းဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် စံဖူးဖြစ်စဉ်က စပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီး ယခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။

တိုက်ပွဲကြောင့် ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင် မြို့နယ်ရှိ ပြည်သူ တစ်သိန်းဝန်းကျင် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး၊ အရပ်သား ၄၉ ဦးထိသေဆုံးခဲ့ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး ထုတ်ပြန်ချက်အရသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *