ခမ်းသားငေါဝ်း
မတ် ၁၈၊၂၀၂၄

ပင်လောင်းမြို့တောင်ဘက် တိုက်ပွဲအတွင်းမပေါက်ကွဲသေးသည့် လက်နက်ကြီးများရှိသည့်အတွက် ဒေသခံထိခိုက်အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်နေရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့၏ တောင်ဘက်ဒေသတွင် စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် တော်လှန် ရေးအင်အားစုတို့ကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်းသိရသည်။

“မပေါက်ကွဲတာရှိတယ် တောင်ယာသွားတာ တောထဲသွားတာမျိုးဆိုစိုးရိမ်ရတာပေါ့ ဒါပေမယ့် မသွားဖို့တားထားတာရှိတယ်လေ အဲ့လိုနဲ့ရွာပြင်တွေသိပ်မထွက်ကြဘူး လုံးပျဥ်ကလူဆိိုလုံးဝမသွားတာမျိုးရှိတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

မပေါက်ကွဲသည့်လက်နက်ကြီးအန္တရာယ်ကိုစိုးရိမ်နေသည့်အပြင် ယမန်နေ့ နံနက်ပိုင်းအစောမှာလည်း တောင်မဲသင်းရွာအနီးတိုက်ပွဲထပ်မံဖြစ်ပွားခဲ့၍ ည လေယာဥ်ပျဲဝဲခြင်း ဒရုန်းပြန်ဝဲခြင်း ရှိသည့်အတွက် သတိထားပြီးနေနေရကြောင်းဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က နောက်ဝိုး၊နမ့်ဖာမူ၊ဗန်းမောက်ကျေးရွာတို့ဘက်တွင် နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် မိုးဗြဲ ဖယ်ခုံ တော်လှန်ရေးအင်အားစုဘက်ကလည်း ပြည်သူများအထိအခိုက်မရှိရန် ခရီးသွားလာခြင်းများမပြုလုပ်ကြရန်လည်း မတ်လ ၁၆ ရက်နေ့ကအသိပေးထုတ်ပြန်ထားသည်။

ယင်းသို့တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် တောင်မဲသင်း၊တောင်စလုံး၊မြောက်စလုံး၊လုံးပျဥ်၊နမ်းနိန်းဒေသခံများလည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ယနေ့တွင် တိုက်ပွဲသံမကြားရသော်လည်း စစ်ကောင်စီ၊ ပြည်သူ့စစ်ဘက်မှ အင်အားဖြည့်တင်းလျက်ရှိသည့်အတွက် တိုက်ပွဲပို၍ ပြင်းထန်လာမည်ကိုဒေသခံ စိုးရိမ်နေရကြောင်းပြောဆိုကြသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *