ခမ်းသားငေါဝ်း
မတ် ၁၇၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များသည် စစ်မှုထမ်းဆင့်ခေါ်ရန် မဲနှိုက်စနစ်ဖြင့် ပြုလုပ်နေပြီဖြစ်ပြီး လူငယ်အချို့က အခက်အခဲဖြစ်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

မတ်လအတွင်းတွင် စစ်မှုထမ်းဆောင်ရန် အသက် အရွယ်မှန်လူငယ်နှင့် ဘွဲ့ရလူငယ်များကိုဦးစားပေး ခေါ်ဆောင်နိုင်ရန် မြို့နယ်အချို့ စာရင်းကောက်ပြီးသလို အချို့ကစာရင်းကောက်နေဆဲဖြစ်ကြောင်းသိရသည်။

“ပညာရေးဝန်ထမ်းတွေတော့ စာရင်းကောက်ပြီးသွားပြီ မဲနှိုက်ရမယ်တဲ့ အဲ့ဒါလူငယ်အချို့ကထွက်ပြေးသွားတာရှိတယ် အချို့လည်းရန်ကုန်သွားပြီးသင်တန်းတစ်ခုခုတက်ဖို့လုပ်ရတာရှိတယ် ဘယ်မှမသွားနိုင်တဲ့သူအချို့ကအခက်ခဲဖြစ်ရတာပေါ့”ဟုအမည်မဖော်လူသည့် ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ ရွှေတောင်၊ ဈေးပိုင်း၊ ပြည်တော်သာ ရပ်ကွက် ၃ ခုတွင် မတ်လ ၁၆ ရက်နေ့က စစ်မှုထမ်းဆောင်ရန်ကိစ္စနှင့်ပတ်သက်ပြီး အိမ်ထောင်ဦးစီးများ မပျက်ကွက်ရအမိန့်စာဖြင့်အစည်းဝေး တက်ရောက်ရပြီး ၁ ရက်ကွက်ကိို ၃ဦးစီဆင့်ခေါ်မည်ဖြစ်ကြောင်းသိရသည်။

“ခုကတော့ကြားမိသလောက်က ရပ်ကွက်တိုင်းမဟုတ်ဘူး ဒါမဲ့ဒီလိုဖြစ်လာမယ်ဆိုတာသူတို့ဥပဒေကိုအတည်ပြုလိုက်ကတည်းက ခန့်မှန်းမိတယ် အဲ့ကြောင့်အချို့သူငယ်ချင်းတွေဆို အစကထဲကရှောင်နေကြတာ ခုကျန်တဲ့လူငယ်တွေပဲ အဓိကအခက်ခဲပိုဖြစ်တာပေါ့”ဟုတောင်ကြီးမြို့ခံအမျိုးသားတစ်ဦးကပြောသည်။

ထို့အတူ လွိုင်လင်နှင့် ပင်လုံမြို့အတွင်းတို့တွင်လည်း လာမည့်မတ်လ ၂၅ ရက်နေ့၌ မဲနှိုက်နိုင်ရန်အတွက် နာမည်စာရင်းများကို စုစည်းပြီး ပြင်ဆင်နေကြောင်းသိရသည်။

ထိုသို့စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့်ပတ်သက်ပြီး မလိုလားသည့်လူငယ်အများစုက အခက်ခဲဖြစ်နေသလို ပြည်ပထိထွက်ပြေးတိမ်းရှောင်ကြသူလည်းရှိသည်။

စစ်ကောင်စီတပ်သည် စစ်မှုထမ်းခေါ်ဆောင်ရန် နမ့်စန်၊ ခိုလမ်၊ မိုးနဲ၊ လဲချားစသည့်မြို့တို့တွင်လည်း ဒီရက်ပိုင်းအတွင်းမှာ အစည်းအဝေးပြုလုပ်ပြီး ဆင့်ခေါ်ခိုင်းနေကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *