ခမ်းသားငေါဝ်း
မတ် ၁၇၊၂၀၂၄
ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းပေါ်ရှိ ကိုရင်တစ်ပါးနှင့် ကျောင်းကပ္ပိယတို့ဗုံးဆထိမှန်ပြီး ဒဏ်ရာပြင်းထန်ရခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နှင့် ၄ ဖာလုံဝေးသည့်ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်းကို မတ်လ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က ဒရုန်းဖြင့် ဗုံးသီး ၂ ကြိမ်ကြဲချခံရပြီး ထိခိုက်မှုဖြစ်ပွားရကြောင်းသိရသည်။
“ကိုရင်နဲ့ ကပ္ပိယကကျောင်းပေါ်မှာရှိချိန် ဆရာတော်က အောက်မှာ ရေသပ္ပါယ်နေတော့ ဒရုန်းနဲ့ကျောင်းအပေါ်တည့်တည့် ဗုံးသီးနှစ်လုံးကျလို့ အဲ့မှာထိမှန်သွားတာ”ဟု ခမ်းသားငေါဝ်းသတင်းရင်းမြစ်ကပြောသည်။
ပေါက်ကွဲမှုဖြစ်ပြီး ဗုံးဆထိမှန်မှုကြောင့် ကိုရင်ကခြေထောက်ထိမှန်၊ ကပ္ပိယက ၈ နေရာ ထိမှန်ထားပြီး ဒဏ်ရာပြင်းထန်ရကာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
လက်ရှိဆီဆိုင်မြို့သည် လက်နက်ကြီး၊လေကြောင်းနှင့် ဒရုန်းဗုံးကြဲခံရမှုတို့ကြောင့်မီးလောင်ပျက်ကျပျက်စီးခဲ့သလို စစ်သလင်းဖြစ်နေမှုနှင့်ပတ်သက်ပြီး ပြည်သူဘက်မှာသာ အထိနာနေရသည့်ဟု ၎င်းကသုံးသပ်ပြောဆိုသည်။
ယနေ့မတ်လ ၁၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကိုဦးတည်ပြီး လက်နက်ကြီးဖြင့်အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေလျက်ရှိကြောင်းသိရသည်။
#PPV004